ကြက်သွန်နီဈေးကွက် ပြည်ပတင်ပို့မှုရှိနေ၍ ပုံမှန်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေ

ရွှေမန်း

ကြက်သွန်နီသစ်များ ဈေးကွက်သို့ ဝင်ရောက်နေပြီဖြစ်ပြီး ပြည်ပတင်ပို့မှုရှိနေ၍ ဈေးကျဆင်းခြင်းမရှိဘဲ မတ်လ ဒုတိယပတ်ထက် တစ်ပိသာလျင် လက်ကားဈေးငွေကျပ် ၁၀၀ ဝန်းကျင် ဈေးမြင့်တက်ခဲ့ပြီး ပုံမှန် အရောင်း အဝယ်ဖြစ်နေ ကြောင်း ကြက်သွန်နီဈေးကွက်မှ သိရသည်။

ယခုကာလတွင် ဒေသစုံမှ ကြက်သွန်နီသစ်များ ဈေးကွက်သို့ ဝင်ရောက်နေပြီး တောင်သူအများစုက လှောင် ထားခြင်းမရှိဘဲ ရောင်းချနေခြင်းဖြစ်သည်ဟုဆိုသည်။

“မတ်၊ဧပြီဆိုရင် အထွက်များလို့ ပွဲရုံနဲ့ ဈေးကွက်ထဲမှာ ကြက်သွန်နီအဝင်များလာတယ်။ဟိုအရင်နှစ်တွေမှာ ဒီလိုအချိန်ဆိုရင် တစ်ပိသာ ၃၀၀ လောက်ထိရောက်ခဲ့ဖူးပေမယ့် ပြည်ပဝယ်လိုအားကြောင့် အဲဒီဈေးမျိုး ဖြစ်မလာတော့ဘူး။အနိမ့်ဆုံးက တစ်ပိသာ ၇၀၀ ဝန်းကျင်မှာ ရှိတယ်။ဈေး အတက်အကျ သိပ်မရှိဘူး”ဟု မန္တလေးကြက်သွန်ပွဲရုံတစ်ခုကပြောသည်။

လက်ရှိကြက်သွန်နီတစ်ပိသာပေါက်ဈေးများအရ မြစ်သားထိပ်စမှာ ငွေကျပ် ၁၈၀၀ ဝန်းကျင်၊အကြမ်းအသေးမှာ ငွေ ကျပ် ၁၀၀၀အောက်၊အလတ်မှာ ၁၅၀၀ ဝန်းကျင်နှင့် ဆိပ်ဖြူကြက်သွန်နီမှာ ၁၀၅၀-၁၁၀၀ ဝန်းကျင်၊ မုံရွာကြက်သွန်နီမှာ ၉၅၀-၁၁၀၀ ဝန်းကျင်ပေါက်ဈေးရှိကြောင်းသိရပြီး မတ်လဒုတိယပတ်ထက် ဈေးအနည်း ငယ် မြင့်လာသည်ဟုသိရသည်။

“လှောင်လက်တွေက ခုပေါ်တဲ့ နွေစိုက်ကြက်သွန်ကို လှောင်ကြတယ်။မိတ်စားကြက်သွန်းက တော်သလင်း သီတင်းကျွတ်မှာ စိုက်တယ်။သူက လှောင်ရင် ကြာကြာအထားမခံဘူး။အဲတုန်းက ထွက်အား လျော့နည်းခဲ့ပြီး တစ်ဧကကို ကြက်သွန်နီ ပိသာချိန် ၁၀၀၀ နဲ့ အမြင့်ဆုံးက ၂၀၀၀ လောက်ပဲထွက်တယ်။ခုပေါ်တာက ပိသာချိန် ၃၀၀၀ လောက်ထွက်ကြတော့ ထွက်အားလည်း ကောင်းတယ်”ဟု မြစ်သားမှ ကြက်သွန်နီပွဲစားတစ်ဦးက ပြောသည်။

ပြည်ပသို့ ကြက်သွန်နီတန်ချိန် ၉၀၀၀၀ ကျော်တင်ပို့ခဲ့ရာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အများဆုံးဖြစ်ပြီး တန်ချိန်၂၀၀၀ ခန့်သည် ပင်လယ်ရေကြောင်းမှဖြစ်ကြောင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊တရုတ်၊ ထိုင်းနိုင်ငံ များသို့ နယ်စပ်လမ်းကြောင်းဖြင့်လည်းကောင်း၊စကာင်္ပူ ၊ ဗီယက်နမ်၊မလေးရှားသို့ ပင်လယ်ရေကြောင်းမှလည်းကောင်း တင်ပို့ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်တွင် လက်လီရောင်းချသူများ၏ အကြိုက်မှာ ပုံမှန် အရွယ်ဖြစ်သည့် အလတ်အရွယ် အစား ဖြစ်ပြီး အရွယ်ကြီးလျင် အကြိုက်နည်းကြောင်း၊ကြက်သွန်နီသဘာဝအရ အလတ်စားအရွယ်များမှာ ကြာရှည် အထားခဲ့သဖြင့် ပည်ပတင်ပို့သည့် ကုန်သည်များက အများဆုံး ဝယ်ယူကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published.