ကောင်းဇော်

တနိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးခိုင်မာတောင့်တင်းဖို့ လိုသလို၊ တိုင်းပြည်ထဲက ဒေသတစ်ခုချင်းအလိုက်မှာလည်း လူတစ်ဦးချင်းရဲ့စားဝတ်နေရေးတွေ ကုံလုံပြည့်ဝနေဖို့လိုပါတယ်။အကြောင်းပေါင်းစုံကြောင့် စီးပွားရေးတွေ တိုးတက်တာ နှေးကွေး၊ ကျဆင်းနေပါတယ်။ အကြောင်းထဲက တစ်ခုဖြစ်တဲ့ ကိုဗစ်-၁၉ ဒါဏ်ရာဒါဏ်ချက်တွေထဲက ရုန်းထရင်း နိုင်ငံနဲ့ ဒေသရဲ့စီးပွားရေး ပြန်ကောင်းလာဖို့ လုပ်ရမှာပါ။ ကိုဗစ်-၁၉ ဒါဏ်ရာဒါဏ်ချက်တွေက ရုန်းထဖို့က ပထမဆုံးလုပ်နိုင်တာက ကျန်းမာရေးအစီအမံတွေ ကောင်းဖို့ လုပ်ရမှာပါ။ လူတစ်ဦးစီ ကျန်းမာရေးကောင်းဖို့ အစီအမံတွေကိုလည်း အခြေခံကျကျ လုပ်ရပါ့မယ်။နှာခေါင်းစည်း(Mask) တပ်ဖို့၊ လက်ဆေးဖို့၊ လူချင်းခပ်ခွာခွနေဖို့အတွက်လိုအပ်တဲ့ ကျန်ူမာရေးအထောက်အကူပြုပစ္စည်းတွေ လွယ်လွယ်ကူကူရနေရမယ်၊ ဈေးသက်သာရမယ်၊ ဝန်ထုပ်ဝန်ပိုးမဖြစ်ရဖို့၊ ကုန်ကျစရိတ် ကျခံနိုင်တဲ့ အခြေခံဝင်ငွေက လူတိုင်းမှာ ရှိနေရမယ်။ နေ့စဉ်တကိုယ်ရေကျန်းမာဖို့အတွက် သက်သာလွယ်ကူတဲ့ နှုန်းသင့်တဲ့ နှာခေါင်းစည်း (Mask)ဝယ်နိုင်ရမယ်။ သင့်တဲ့ လက်ဆေးရည်နဲ့ဆပ်ပြာဝယ်နိုင်ရမယ်။ လိုအပ်တဲ့ အကွာအဝေးမှာ အလုပ်လုပ်နိုင်တဲ့ လုပ်ငန်းခွင် ဖန်တီးထားနိုင်ရမယ်။ အာဏာပိုင်အနေနဲ့ ဒါတွေကို ပြည်သူလူထုအတွက် ကြိုတင်ကာကွယ်စီမံထားရမှာ ဖြစ်ပါတယ်။ကိုဗစ်ကာလမှာလည်း အခြေခံလိုအပ်ချက်တွေ ပြည့်စုံဖို့လိုသလို၊ ကိုဗစ်အလွန်မှာလည်း ရှိနေရမယ်။နိုင်ငံအနေနဲ့ ကိုဗစ်အလွန် ကုန်သွယ်ကူးသန်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ လူတစ်ဦးချင်းစီ အလုပ်အကိုင် ရရှိရေးနဲ့ အခြေခံလစာ ဝင်ငွေ ရှိနေရေးတွေ စီမံထားရမှာ ဖြစ်ပါတယ်။ကိုဗစ်အလွန် စီးပွားရေးဦးမော့ဖို့ အစီအမံတွေ နိုင်ငံနဲ့ တိုင်းဒေသကြီးမှာ ဘာစီမံချက်တွေ ရှိနေပြီလဲ၊ ဘာတွေပြင်ဆင်ထားပြီလဲလို့ မေးခွန်းတွေ ရောက်လာနေစဉ်မှာပဲ၊ ကိုဗစ်မျိုးကွဲ အိုမီခရွန်( Omecron)ရဲ့ အန္တရာယ်က ချိမ်းခြောက်လာပါတယ်။အိုမီခရွန်ရဲ့ အန္တရာယ်ကို မှန်းဆနိုင်ဖို့ နိုင်ငံတကာက ကျန်းမာရေးဌာနတွေအနေနဲ့ အချိန်မဆိုင်းပဲ သိနိုင်အောင် ကျိုးပမ်းနေကြရပါတယ်။အာရှ-ပစိဖိတ်နိုင်ငံတွေအနေနဲ့ အိုမီခရွန် မျိုးကွဲကို ဖြစ်စေတဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အသစ်အတွက် ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီး သတိရှိရှိနေကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၃ ရက်က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အာဖရိကတောင်ပိုင်းမှာ ပထမဆုံးတွေ့ရှိခဲ့ပြီး WHO ကနေ စိုးရိမ်မှုမျိုးကွဲလို့ နာမည်ပေးထားတဲ့ အိုမီခရွန်ဟာ ဘယ်လိုကူးစက်တတ်တယ်၊ သူ့ရောဂါ ဘယ်လောက်ပြင်းထန်တယ် ဆိုတာတွေကို ဖော်ထုတ်ဖို့ သိပ္ပံပညာရှင်တွေဟာ အချက်အလက်တွေကို စုဆောင်းနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူလူထုအနေနဲ့ အားကိုးလို့ ရနိုင်တာ တစ်ခုက ဒေသအလိုက် အောက်ဆီဂျင်စက်ရုံတွေ ရှိနေတာပါပဲ။ အထိရောက်ဆုံးနည်းမဟုတ်ပေမယ့် အသက်ဆက်ရှင်သန်ခွင့်နည်းလမ်း တစ်ခုအနေနဲ့တော့ အသုံးတည့်သေမှာပါ။ အိုမီခရွန်က ဆေး၂ကြိမ်ထိုးပြီးသားသူတွေကိုလည်း ဖြစ်စေနိုင်တာပဲလို့ တစွန်းတစကြားနေရပါတယ်။ အိုမီခရွန်နဲ့ ပတ်သက်လို့သုတေသနပြုလုပ်ဆဲ အခြေအနေပဲ ရှိပါသေးတယ်။ ကိုဗစ်ကုသရေးမှာ လက်ရှိ အသုံးပြုနေတဲ့ ကာကွယ်ဆေးတွေက အိုမီခရွန်မျိုးကွဲကိုဖြစ်စေတဲ့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအသစ်အတွက် ဘယ်လောက်ထိရောက်စွာ ကာကွယ်ကုသပေးနိုင်မလဲဆိုတာကိုလည်း သုတေသနပြု၊လေ့လာနေဆဲ အခြေအနေပဲရှိပါသေးတယ်။သု‌တေသနလုပ်၊လေ့လာနေချိန်မှာပဲ အိုမီခရွန်ကတော့ ကမ္ဘာပတ်နေပါပြီ။ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို ပြီးခဲ့တဲ့သီတင်းပတ်က စတင်ထုတ်ပြန်လိုက်ကတည်းက နိုဝင်ဘာ ၂ ရက်အထိ နိုင်ငံနဲ့ဒေသ အနည်းဆုံး ၃၀ မှာ အိုမီခရွန် ကူးစက်ခံရမှုတွေ ရှိကြောင်း ရောဂါပိုးတွေ့ရှိတဲ့နေရာတွေက ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ အစိုးရများစွာကနေ ခရီးသွားစည်းမျဉ်းတွေကို တင်းကျပ်လိုက်တဲ့နည်းတွေနဲ့ တုံ့ပြန်ကြပါတယ်။ နယ်စပ်ထိန်းချုပ်မှုတွေဟာ အချိန်ကိုဆွဲဆန့်ထားနိုင်ပေမယ့် နိုင်ငံတိုင်း၊ အသိုက်အဝန်းတိုင်းက တော့ အသစ်ကူးစက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ရမယ်လို့ WHO အနောက်ပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Takeshi Kasai က အွန်လိုင်းမီဒီယာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံအများအပြားက နိုင်ငံခြားခရီးသည်တွေ အဝင်အထွက်တွေ စိစစ်နေတယ်။ တချို့နိုင်ငံတွေက ပိတ်ပင်နေကြပါပြီ။ ကူးသန်းသွားလာမှုတွေကနေ ရောဂါကူးစက် ပြန့်ပွားနိုင်တဲ့အတွက် ထိန်းချုပ်မှုတွေ၊ စစ်ဆေးမှုတွေ လုပ်ကြပါတယ်။ နယ်စပ်ဒေသတချို့မှာ ကိုဗစ်-၁၉လူနာတွေ ထပ်တွေလာတယ်။ ကုန်သည်တွေ၊သ‌င်္ဘောသားတွေမှာ တွေ့လာရတယ်လို့ပြောပါတယ်။အိုမီခရွန်မျိုးကွဲလက္ခဏာ ကူးစက်ခံရသူတွေတော့ မတွေ့ရသေးပါဘူး။ရခိုင်ပြည်နယ်၊ စစ်တွေ နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ရှိနေတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနက သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကုန်စည်နဲ့ ရေချိုငါးပို့ဆောင်တဲ့ သင်္ဘောသားတချို့မှာ ပိုးကူးစက်မှုတွေ တွေ့ရတာလို့ ပြောပါတယ်။ ကာကွယ်ကုသမှုတွေ ပေးထားတယ်လို့ ဆိုပါတယ်။စီးပွားကူးသန်းဖို့အတွက် နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံသွားလာနေရမှာပဲ။ ကိုဗစ်တတိယလှိုင်းက အရှိန်တန့်သလို၊ နိုင်နင်းသလို ဖြစ်လာတဲ့အတွက် ကိုဗစ်အလွန်စီးပွားရေးအတွက် ကြိုတင်စီမံပြင်ဆင်ထားကြပါတယ်။ စတုတ္ထလှိုင်းရိုက်ခတ်လာရင်လည်း ဘယ်လိုရင်ဆိုင်ဖြေရှင်းကျော်လွှားမယ်ဆိုတဲ့ အစီအမံတွေနဲ့အတူပါ။မကွေးတိုင်းဒေသကြီးမှာလည်း အာဏာပိုင်တွေအနေနဲ့ ကိုဗစ်တတိယလှိုင်း ပြင်းထန်နေတဲ့ အချိန်ကတည်က ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ကြိုတင်အစီအမံတွေလုပ်တာကို ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။ခရီးသွားလာရေးနဲ့ တဆက်ထဲရှိနေတဲ့ ဘာသာရေးပွဲလမ်းတွေကိုလည်း လိုအပ်တဲ့ ကျန်းမာရေးအစီအမံတွေ အားမကောင်းပဲ ခွင့်ပြုကျင်းပဖို့ဆိုတာ ကိုဗစ်မျိုးကွဲ အိုမီခရွန်ရဲ့အန္တရာယ်ကြားမှာ အခက်အခဲရှိနေမှာပါ။ကိုဗစ်အလွန် စီးပွားရေးဦးမော့လာစေရေးဆိုတာထက်အရင် လုပ်ရမှာက ကိုဗစ်လှိုင်းလုံးတွေကြားမှာ စီးပွားရေးလုပ်ငန်းတွေ ရှင်သန်နိုင်ရေး၊ ရပ်တည်နိုင်ရေးအတွက်အစီအမံတွေ လုပ်ထားရမှာပါ။ ကိုဗစ်အလွန်စီးပွားရေး ဦးမော့လာမှာလားဆိုတာရဲ့အဖြေကတော့ သက်ပြင်းတွေကြားမှာပဲ ရှိနေပါတယ်။

Leave a Reply

Your email address will not be published.