ကိုဗစ်တိမ်နဲ့ အတွေးတိမ်

ကောင်းဇော်

ကိုဗစ် နိုင်တင်းက သာမာန်ပြည်သူများအတွက် နားလည်ဖို့ ခက်ခဲလှတယ်။တိမ်ပန်းချီကို အနက်အဓိပ္ပါယ် ဖွင့်ရသလိုပါပဲ။ ဒါကတော့ ယုန်ရုပ်လေး လို့ ခန့်မှန်းနေတုန်း နဂါးရုပ်လိုလိုလေး ပြောင်းသွားနေသလိုပါပဲ။ ချိုးငှက်လေးလို့ စိတ်ကူးနဲ့ပုံဖော်နေတုန်း နောက်ကတိမ်မဲတအုပ်က ခွေးရုပ်‌ဖြစ်လာလို့ ထိတ်လန့်သွားရသလိုပါပဲ။ပိုးမျိုးကွဲအသစ်အသစ်တွေကလည်း သစ်နေတယ်။ ထိုးရမယ့်ဆေးတွေကလည်း လိုက်သစ်နေရတယ်။ ဖော်စပ်ထုတ်လုပ်နိုင်တဲ့ နိုင်ငံကြီးတွေပေါ်မူတည်ပြိး ဆေးဝါး‌အသစ်တွေ ထွက်လာတယ်။ ရောဂါပိုးကလည်း အသွင်ပြောင်းသစ်လာတယ်။ ကိုဗစ်လှိုင်းကစတုတ္ထအထိ ဖြစ်လာတော့မယ်။ပိုးအသစ်နောက်က ဆေးအသစ်က လိုက်ရတယ်။ ကုသနိုင်တဲ့ဆေး မပေါ်လာခင်မှာ ဆုံးရှုံးနစ်နာရတာက လူ့အသက်တွေပါ။တကမ္ဘာလုံး ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၂၂၄.၃သန်းရှိပြီး ရောဂါပိုးကြောင့် သေဆုံးသူ ၄.၆သန်းရှိသွားပြီလို့ John Hopkin ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဆိုင်ရာ ဌာနက စက်တင်ဘာ ၁၂ရက်နေ့ ၂၀၂၁ခုနှစ် တနင်္ဂနွေနေ့မနက် အစောပိုင်းက ထုတ်ပြန်ပါတယ်။ တကမ္ဘာလုံးမှာ ကိုဗစ်ရောဂါပိုးကာကွယ်ဆေး ၅.၇သန်း ထိုးပေးခဲ့ပြီလို့လည်း ဖော်ပြထားပါတယ်။ မြန်မာ့COVIDအခြေအနေကတော့ ၁၇.၉. ၂၀၂၁ ည အထိ ပိုးတွေ့လူနာပေါင်း ၄၄၂၉၂၈ ဦးရှိပြီး သေဆုံးသူပေါင်း ၁၆၉၄၄ဦး ရှိတယ်လို့ MOH ဖော်ပြတာကနေသိရပါတယ်။ ကိုဗစ်က တနိုင်ငံလုံးကို ချိမ်းခြောက်နေတာတွေထဲ ပါပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းတယ် ဆိုပေမယ့် ကာကွယ်ဆေးထိုးတာနဲ့ ပါတ်သက်ပြီး ခံယူချက်အမျိုးမျိုး ရှိနေကြပါတယ်။ဒေါက်တာခင်ခင်ကြီးရဲ့ Facebook အကောင့်လို့ထင်ရတဲ့ Khin Khin ကနေ ‘အမေရိကန်တစ်ဝှမ်းရှိဆေးရုံများစွာသည် COVID-19 လူနာများနှင့်ပြည့်နှက်နေသည်။ CDC ၏ COVID-NET မှလေ့လာမှုအသစ်တစ်ခုအရကာကွယ်ဆေးမထိုးထားသောလူများသည်ကာကွယ်ဆေးအပြည့်အဝထိုးထားသောသူထက် ဆေးရုံတက်နိုင်ခြေ ၁၇ ဆပိုများသည်’လို့ရေးထားပါတယ်။ဒီမှာကတော့ ဆေးရုံတက်နိုင်ခွင့်ရခြေကလည်း ကန့်သတ်ချက်အမျိုးမျိုးကြောင့် အခက်အခဲတွေရှိတဲ့အကြောင်း ပရဟိတအသင်းတွေရဲ့ စာတွေအရသိရပါတယ်။ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ ကိုဗစ်‌ကို ကုမပေးနိုင်တာရယ်၊ ခရိုင်ကျော်၊ နယ်ကျော်ကု မပေးနိုင်တာရယ်က ‌အဓိက အခက်အခဲဖြစ်တယ်။ ကျေးလက်တောရွာတွေမှာ ကူးစက်မှုများလာနေပေမယ့် ကုသဖိုပါ အခက်အခဲရှိနေပါတယ်။ကုသဖို့အခက်အခဲ အမျိုးမျိုးရှိနေချိန်မှာ ကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေက နိုင်ငံအမျိုးမျိုး ဆေးအဖုံဖုံဆိုသလို ဖြစ်နေတယ်။ မြို့ပေါ်တွေမှာတော့ ကာကွယ်ဆေးထိုးပေးတဲ့သတင်းတွေ ဖတ်ရတယ်။ ‌အခုအဖြစ်များလာနေတဲ့ အသေအ ပျောက်ပါရှိလာနေတဲ့ ကျေးလက်တောရွာတွေအထိ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ လိုပါတယ်။ မြန်မာပြည်အတွက် အရေးကြီးတာက လက်ရှိမြို့ကြီးတွေမှာ ကိုဗစ် ကူးစက်မူ ကျဆင်းလာနေပေမဲ့၊ နိုင်ငံတကာမှာ ဖြစ်ခဲ့သလို နယ်ရွာတွေကို တဆင့်ဆက်ကူးသွားတာ များလာနိုင်ပါသေးတယ်။ အခုလိုအနေအထားမှာ ထပ်ထိုးဖို့ မလိုသူတွေကနေ ပိုထွက်လာနိုင်တဲ့ ကာကွယ်ဆေးတွေကို ကူးစက်မူမများသေးတဲ့ ကျေးရွာတွေအတွက် မျှမျှတတဖြစ်အောင် လုပ်ဆောင်ပေးသင့်ပါတယ်။ ကျေးရွာတွေမှာလည်း ကာကွယ်ဆေး ထိုးခွင့်ရတာနဲ့ ထိုးနှံသင့်ပါတယ်။ မိမိကိုယ်ကိုယ်နဲ့ မိသားစုအတွက်၊ မြို့ကြီးတွေမှာလို ထိခိုက်သေကြေလွယ်တဲ့ သက်ကြီးတွေအတွက် ကာကွယ်ပေးနိုင်လို့ပါ။ ဒါ့အပြင် အခုလိုအားလုံး မျှမျှတတ ကာကွယ်ဆေးရမှသာ၊ ကာကွယ်ဆေး မရတဲ့ဒေသတွေကနေ၊ အဖြစ်များပြီး ပိုမျိုးသစ်ပေါ်လာကာ၊ နိုင်ငံတကာမှာလို၊ ကာကွယ်ဆေး ရပြီးသားသူတွေဆီကို ပြန်ရိုက်ခတ် မကူးစက်အောင် ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်”လို VOAနဲ့ Wyckoff Heights ဆေးရုံ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတဲ့အထဲက ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။ကျေးလက်နေပြည်သူတွေကအစ ကာကွယ်ဆေး ထိုးသင့်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ထိုးဖို့ ဝန်လေးနေသူတွေလည်း အများအပြားပါ။ ဒေါက်တာဉာဏ်က ကာကွယ်ဆေးထိုးတာကြောင့် အဖျားအနာအနည်းဖြစ်ပြီး နောက်ထပ်ထိုးဖို့ ကြောက်ရွံ့တဲ့အချက်ကိုပြောရင်း “နောက်ထပ် ပြဿနာတခုက ကာကွယ်ဆေးကို နိုင်ငံရေး ခံယူချက်အရ အယုံအကြည် မရှိလို့ မထိုးကြတာတွေလည်း ရှိပါတယ်။ ဥပမာ ကိုလိုနီခေတ်က ဆိုရင် ပလိပ်ရောဂါ၊ ဝမ်းရောဂါတွေ တနိုင်ငံလုံး အဖြစ် များလို့ အသေလည်း များကြတဲ့အချိန် ကာကွယ်ဆေး ထိုးပေးဖို့ ကိုလိုနီ အရာရှိတွေက စီမံပါတယ်။ ဗမာတိုင်းရင်းသားတွေရဲ့ အမြင်မှာ ဒါဟာ ငါတို့ ကိုယ်ခန္ဓာထဲ ပိုးထည့် သတ်နေတာပဲလို့ ထင်မြင်ကြပြီး ကာကွယ်ဆေးကို လက်မခံခဲ့ကြပါဘူး။ အခုလည်း တရုတ်ဘက်က ထုတ်တဲ့ ကာကွယ်ဆေးမို့ အယုံအကြည် မရှိဘူးလို့ တရုတ်မုန်း အခြေခံနဲ့ လက်မခံသူတွေလည်း ရှိပါတယ်။ နိုင်ငံရေး ယုံကြည်ချက် အထင်အမြင်တွေကိုတော့ ကျနော် နားမလည်ပါ။ ဒါပေသိ ခု ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)က အသိအမှတ် ပြုထားလို့ ယုံကြည်ကိုးစားလို့ ရပါတယ်”လို့ သူ့ရဲ့ ကိုဗစ် ကာကွယ်ဆေးကို မကြောက်ကြရန် ဆောင်းပါးမှာ ရေးသားထားပါတယ်။ ကိုဗစ်ကာကွယ်ဆေး အပြည့်အ၀ထိုးထားသူတွေဟာ ထိုးမထားသူတွေထက် သေဆုံးနိုင်ခြေ ၁၁ ဆ နည်းပြီး ဆေးရုံရောက်နိုင်ခြေ ၁၀ ဆနည်းတယ်လို့ အမေရိကန်ကျန်းမာရေး၀န်ကြီးဌာနက ကြေညာတာရှိပါတယ်။ကိုဗစ်ရောဂါနဲ့ဆက်စပ်ပြီး ကမ္ဘာနဲ့အဝှန်း ခံရတဲ့ဒုက္ခတွေက အမျိုးမျိုးပါ။ စာသင်အရွယ် ကလေးတွေ ကျောင်းတက်ခွင့်မရဘူး။ တကမ္ဘာလုံးမှာ ၁၁၇သန်းကျော် ရှိတယ်။မြန်မာနိုင်ငံမှာတော့ ၂၀၂၁နှစ် ပညာသင်နှစ်အစပိုင်းက ကျောင်းလက်ခံချိန်မှာ ခဏတာဖွင့်ခဲ့ပြီး ကိုဗစ်ကပ်ဘေးကြောင့် ပြန်ပိတ်ခဲ့တာ ခုချိန်ထိလို့ သိရတယ်။ကိုဗစ်ကာကွယ်ဆေးထိုးတာ၊ ကုသတာက ရောဂါပိုးတခုရဲ့ တိုက်ခိုက်တာကို ခုခံရုံသာ ဖြစ်တယ်။ သူကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ အထွေထွေကျဆင်းဆုတ်ယုတ်တာကနေ မကာကွယ်နိုင်ဘူး။ နိုင်ငံကြီးတွေတောင်အလူးအလဲကြုံရချိန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံအနေနဲ့ သဘာဝဘေးကပ်တွေနဲ့လူလုပ်ကပ်တွေကြားမှာ အနာဂါတ်အလင်းရောင်ကို မြင်နေရပေမယ့် လှမ်းရမယ့်ခရီးက ရှိနေဆဲပါ။ကိုဗစ်ကာကာကွယ်ဆေးကို ထိုးသင့်ထက်အကြိမ်ရေကို ထိုးခွင့်ရလျှင် ထိုးသင့်ပေမဲ့၊ မလိုတဲ့ ထပ်မံထိုးနှံမူတွေမလုပ်သင့်ဘူး၊ အဲ့ဒါအစား မထိုးရသေးသူတွေအတွက် မျှတသွားအောင် (Vaccine Equity)၊ အခွင့်အလမ်း ပေးသင့်ပါတယ်တဲ့ ။ အကြောင်းကတော့ ကာကွယ်ဆေးကိုမလိုအပ်ပဲ ထပ်ထိုးတာကြောင့် ထိရောက်မူ ထပ်ရှိနိုင်တဲ့အထောက်အထား မရှိဘူး။ဒါပေမယ့် ကမ္ဘာမှာ တခြား မထိုးရသေးသူတွေ အများကြီး ရှိနေလျှင်တော့၊ ကူးစက်မူတွေ ပြန်ရိုက်ခတ်လာနိုင်တာကို တွေ့ထားပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ နိုင်ငံတခုက ၃ကြိမ်မြောက် ထပ်ဆောင်းကာကွယ် ဆေး ထိုးဖို့ပြင်နေချိန်မှာ၊၊ မထိုးရသေးသူတွေများတဲ့ နိုင်ငံတွေကို ကူညီပြီး ဆေးမထိုးရင်၊ မထိုးရသေးတဲ့နိုင်ငံတွေကနေ အလားတူ နောက်တစ်ခေါက် မျိုးကွဲသစ်နဲ့ တကမ္ဘာလုံးကို ပြန့်ပွားလာနိုင်တာကို ထဲ့တွက်ဖို့ လိုပါတယ်တဲ့။ တခြားအရေးကိစ္စတွေမှာလည်း အခွင့်အလမ်းပြည့်ပြီးသားနိုင်ငံတွေရဲ့ အခွင့်အလမ်းတွေ ထပ်တိုးရဖို့ပဲ လုံးပန်းနေရင် တကမ္ဘာလုံးကို ထိခိုက်မယ့် ဒုက္ခမျိုးကွဲသစ်တွေ ပြန့်ပွားလာနိုင်တဲ့အရေး ကြုံလာရပါ့လိမ့်မယ်။အနာဂါတ်က ကိုယ်တိုင်ရေးခြယ်ခွင့်မရတဲ့ အဝေးက တိမ်ပန်းချီ ဖြစ်တယ်။ ရောဂါပိုးမွှားက တည်ဆောက်နေတဲ့ စိတ်ကူးကို ကစင့်ကလားဖြစ်စေတဲ့ လေရူး‌တွေ ထဲက တခု။ လေရူး‌တွေက နည်းအမျိုးနဲ့ လှုပ်ခတ်ဖျက်ဆီးနေပေမယ့် ပန်းချီကားက တဖြေးဖြေးရုပ်လုံးပေါ်လာပြီ။

33

Leave a Reply

Your email address will not be published.