ကိန်းဂဏန်းတွေက ခေါင်းလောင်းထိုးလာနေ

ကောင်းဆက်ဇော်

အမှန်ကို မသိတာ ပိုအန္တရာယ်ကြီးတယ်။

တမြို့လုံး ဇွန်ဘီဖြစ်မှန်းမသိ ဖြစ်ကုန်ပြီး၊ ဇွန်ဘီ မကြောက်သလို ဖြစ်နေတာလားလို့ တွေးမိတယ်။အရေအတွက်တွေက အန္တရာယ်ကို ပြနေပါပြီး။ မြင်ရတဲ့ကိန်းဂဏန်းတွေက စိုးရိမ်ရေမှတ်ကို ပြလာနေပြီလို့ တွေးမိရင်၊ မမြင်ရတဲ့ ဂဏန်းတွေက အမှောင်ထုကို ညွှန်ပြနေတာပဲ ဖြစ်ပါတယ်။ ကိန်းဂဏန်းအရေအတွက်တွေကို မမြင်ရလေ၊ မှန်းဆနိုင်ရုံပဲ ရှိနေလေ၊ အကြောက်တရားထဲမှာ စိတ်ထင်မြင်ချက်တွေနဲ့ ရပ်တည်နေရလေ ရောဂါအန္တရာယ်ကိုတကယ်တန်း သတိမပြုမိပဲ၊ မကာကွယ်ပဲ ပိုပြီးဖိတ်ခေါ်နေလေ ဖြစ်နေမယ်။ မသိတော့ မကြောက်၊ မကြောက်တော့ မသိမှုနဲ့နေထိုင်၊ မသိမှုနဲ့ နေထိုင်တော့ အန္တရာယ်က ပိုပျံ့နှံဆိုတာလို ဖြစ်နေတယ်။မှန်းဆဝါးပြီး အန္တရာယ်ကို ရင်ဆိုင်တာထက် ကိန်းဂဏန်းအမှန်တွေကို သိပြီး ကာကွယ်တာ၊ ကုသတာက ပိုထိရောက်မှာ ဖြစ်တယ်။ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ယူအေအီးနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား (၄) ဦးမှာ စတွေ့တယ်လို့ (၂၈-၁၂-၂၀၂၁) ရက်နေ့မှာ MoH ( Ministry of Health – ကျန်းမာရေးဝန်ကြီးဌာန) ထုတ်ပြန်ပါတယ်။စတုတ္ထလှိုင်းက စ ပါပြီ။၂၀၂၂ရဲ့အစ ဇန်နဝါရီလထဲမှာ တစတစ ကိန်းဂဏန်းတွေ ပိုတိုးလို့ လာနေပါတယ်။အလွယ်ကူဆုံးကာကွယ်နည်းဖြစ်တဲ့ နှာခေါင်းစည်း(Mask) ဆက်လက်တပ်ကြဖို့၊ လက်ဆေးဖို့၊ ခပ်ခွာခွာ နေကြဖို့ ဘယ်လို ပြောနေနေ မရတော့ပါဘူး။ ကျန်းမာရေး အသိတွေ တစတစအားနည်းလို့ လာနေပါတယ်။လူမှုရေးအခန်းအနားတွေမှာ နှာခေါင်းစည်းမတပ်ပဲ နီးနီးကပ်ကပ်ဆက်ဆံနေထိုင်တာတွေ တွေ့လာရတယ်။မကွေးတိုင်းဒေသကြီးအတွက် ထိတ်လန့်စရာကိန်းဂဏန်းကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့က ထုတ်ပြန်ချက်မှာ ‌စတွေ့ရပါတယ်။(၂၃ . ၂ . ၂၀၂၂) ည၈နာရီကနေ (၂၄ . ၂ . ၂၀၂၂) ည ၈နာရီအတွင်း တွေ့ရှိရတဲ့ Covit – 19 အတည်ပြုလူနာ စာရင်းက တနိုင်ငံလုံးမှာ ၂၉၃၅ဦး ရှိပါတယ်။ မကွေးတိုင်းဒေသကြီးမှာ ၄၅၇ဦးထိရှိပြီး ဆင်ပေါင်ဝဲမြို့နယ်က ၂၂၀ဦးကအတည်ပြုလူနာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။မွန်းကြပ်စေတဲ့အတည်ပြုလူနာ ကိန်းဂဏန်းက ဖေဖော်ဝါရီ ၁၂ရက်နေ့ ထုတ်ပြန်ချက်က စပါတယ်။ အဲ့ဒီနေ့ ထုတ်ပြန်ချက်မှာ ပခုက္ကူ ၆၅ဦးပါ။ဖေဖော်ဝါရီ ၁၈မှာ မကွေး ၅၄ ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁၉ စာရင်းမှာ မကွေး ၇၀ပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ တောင်တွင်းကြီး၊ မင်းလှ၊ သရက်မြို့နယ်တွေရဲ့ ဂဏန်းတွေက ဂရုစိုက်ဖို့ ညွှန်ပြနေပါတယ်။ ဆင်ပေါင်ဝဲမြို့နယ်က စာရင်းထဲမှာ မပါတဲ့ရက် မရှိသလောက်ကနေ အဲ့ဒီမြို့နယ်ကို ဂရုစိုက်ပေးဖို့လိုတယ်ဆိုတာကိုပါ ပြနေတာပါ။တနိုင်ငံလုံးမှာ တွေရှိရတဲ့ Omiriconနဲ့ ပါတ်သက်လို့ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း (၃-၂-၂၀၂၂) ရက်နေ့မှာ “ယနေ့အထိ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးစစ်ဆေးတွေ့ရှိသူဦးရေ စုစုပေါင်း (၃၄၈) ဦး ရှိပြီဖြစ်ပါသည်”လို့ ထုတ်ပြန်ပါတယ်။အိုမီခရွန်အပေါ် ပညာရှင်တချို့က အပြင်း၊ အပျော့၊ အလတ်ဆိုပြီး ပြတယ်လို့ ပြောကြပါတယ်။ အပျော့စားတမျိုးက ရောဂါလက္ခဏာသိပ်မခံစားရဘူးလို့ အသိနဲ့ ပေါ့ဆတာတွေ ပိုရှိလာပါတယ်။ပျံ့နှံ့ကူးစက်မှုက အတွင်းမှာ ကျိတ်ဖြစ်နေတဲ့ အနာလို ဖြစ်လာပါတယ်။ ကျိတ်ကုရင်း၊ လှိုက်စားနေနိုင်ပါတယ်။ ကိန်းဂဏန်းတွေက မြင်ရတာထက် ပိုနေတယ် ဆိုတာကို ထောက်ပြလာတာတွေ ရှိလာပါတယ်။အိုမီခရွန်က ဗီဇပြောင်းလာတာဖြစ်ပြီး အိုမီခရွန်ဖြစ်ရင် လူရဲ့ခံနိုင်ကို တနည်းတဖုံ မြှင့်ပေးစေသလိုလို ဖြစ်စေတယ်ဆိုတဲ့အမြင်ကလည်း လူတွေ ပေါ့ပေါ့ဆဆနေဖို့ အားပေးနေသလို ဖြစ်ပါတယ်။ ရောဂါတခုဖြစ်ပြီဆိုတာနဲ့ ခန္ဓာကိုယ်ကို အနည်းနဲ့အများ ထိခိုက်ပျက်စီးသွားစေမှာပါပဲ။ကမ္ဘာပေါ်တွင်လက်ရှိကိုဗစ်ဖြစ်ပွားမှုအားလုံး၏ ၉၈.၃% သည်အိုမီခရွန်ဖြစ်ပြီးကျန် ၁.၇% သည်ဒယ်လ်တာဖြစ်ကြောင်းသိရပါသည် သတိပြုပါလို့ WHO GISAIDက ဆိုပါတယ်။မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသော ပိုးတွေ့သူများအားလုံးသည်လည်း အိုမီခရွန်ပင်ဖြစ်နိုင်ပါသည်။ ကူးစက်မှုမြန်ဆန်သည့်အတွက် အထူးဂရုပြုကာကွယ်ရန်လိုအပ်ပါသည်လို့ ဒေါက်တာ ခင်ခင်ကြီးရဲ့ လူမှု့ကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။၂၀၂၂ခုနှစ် မတ်လ ၁ရက်နေ့ထိ သေဆုံးသူစုစုပေါင်း (၁၉,၃၇၂) ဦး ရှိပါတယ်။ ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၁၄၃,၅၆၂) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၉၀,၂၃၇) ဦး ရှိပြီ ဖြစ်တယ်လို့ MoHက ပြောပါတယ်။မကွေးတိုင်းဒေသကြီးအတွက်ဆိုရင် ဖေဖော်ဝါရီ ၂၀ရက်ကနေ ၂၈ထိ အတည်ပြုလူနာ နှစ်ထောင်ကျော်တယ်လို့ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရတယ်။ဗိုင်းရပ်ရဲ့အန္တရာယ်က ခန့်မှန်းရခက်လာနေတယ်တဲ့။ပိုပြင်းလား၊ ပိုပျော့လာတာလား ခန့်မှန်းတွက်ဆချက်ကြားမှာ ပိုးက ပိုကူးစက်ပျံ့နှံနေတယ်။ လူတွေက မကြောက်တော့ ပိုဆိုးလာတယ်။သေဆုံးတဲ့ကိန်းဂဏန်းတွေကိုလည်းတွေလာရတယ်။သတင်းရေးသားသူ၊ သုတေသနပြုလေ့လာသူအနေနဲ့ သတင်းရင်းမြစ်တွေကို မေးရတာ၊ လေ့လာရတာ အရမ်းခက်ပါတယ်။ ဒုတိယလှိုင်းကာလက လွမ်းမောစရာ Informationရွှေရောင်ခေတ်အဖြစ် ကျန်ခဲ့ပါပြီ။ ကျန်းမာရေးလောကကလူတွေ၊ ပရဟိတသမားတွေ၊ သတင်းသမားတွေ အတူလက်တွဲလုပ်ဆောင်ခဲ့ကြတာတွေက ခပ်ဝေးဝေး အတိတ်ဖြစ်သွားပါတယ်။အိုမီခရွန်က မျိုးကွဲ ၂ ခုရှိလာပါတယ်။ BA1 နဲ့ BA2 လို့ သိရပါတယ်။ ဒေါက်တာဖြိုးဇော်က”အိုမီခရွန်က အကူးမြန်တယ်၊ ရောဂါက ပျော့တာလည်းမှန်တယ်၊ လေးငါးရက်တစ်ပတ်ဆိုရင် ပြီးသွားတယ်ဆိုတာလည်း ဟုတ်တယ်၊ အဲဒါက Omicronရဲ့ မူလမျိုးကွဲ BA.1ပါ။ ဒါပေမဲ့ အခုနိုင်ငံတကာမှာ ပြဿနာအကြီးကြီးတက်နေပြီ၊ ဘာလည်းဆိုတော့ ဘာမှမဖြစ်ပါဘူးဆိုတဲ့ အသိတရားနဲ့ ကိုဗစ်ကူးစက်ခံရရင် ဂရုမစိုက်ပဲ နေမကောင်းရက်သွားလာနေကြတာပါ၊ ပိုးနဲ့လူဦးရေအထိအတွေ့များတာကနေ စလာတာပါ။ အဲလိုမျိုးအကြောင်းတရားတွေကြောင့် ဖြစ်လာတဲ့အကျိုးတရားကတော့ Omicronအောက်ကနေပြီးတော့ BA.2ဆိုတဲ့ Sub-varientခေါ် အိုမီလက်အောက်မျိုးကွဲတစ်ခုပေါ်ထွက်လာတာပါ၊ ဘာကွာသွားလည်းဆိုတော့ Omicronထက် အဆပေါင်းများစွာ ပိုကူးစက်လွယ်ပြီး သူကနေဖြစ်လာတဲ့ ရောဂါလက္ခဏာတွေက ပြင်းထန်လာတာပါပဲ၊ ပြောရမယ်ဆို အိုမီခရွန်ပိုးက သူ့ရဲ့ Pathogenicityခေါ် ရောဂါဖြစ်နိုင်တဲ့ မျိုးရိုးဗီဇကို တစ်ယောက်ဝင်တစ်ယောက်ထွက်နေ အယောက်ပေါင်းသိန်းချီအပြီးမှာ ပြောPathogenicityခေါ် ရောဂါဖြစ်နိုင်တဲ့ မျိုးရိုးဗီဇကို တစ်ယောက်ဝင်တစ်ယောက်ထွက်နေ အယောက်ပေါင်းသိန်းချီအပြီးမှာ ပြောင်းလဲပြင်ဆင်ပြီး ကူးစက်အားနဲ့ ရောဂါဖြစ်နိုင်စွမ်းတွေကို မြှင့်တင်လိုက်တယ်လို့ ဂျပန်နိုင်ငံအခြေစိုက် ကူးစက်ရောဂါပညာရှင်များက ၎င်းတို့တွေ့ရှိချက်များအား ကြေငြာပါတယ်”လို့ပြောပါတယ်။ရောဂါပိုးတွေက မြင့်လာနေသလို၊ ကာကွယ်ကုသဆေးတွေလည်း ထုတ်လာကြပါတယ်။Molnupiravir ဆေးဝါးကို အသုံးပြုလာတဲ့ အပေါ်Molnupiravir ဆေးဝါးမသုံးသင့်တဲ့အခြေအနေဆိုပြီး ထုတ်ပြန်ပါတယ်။ အသုံးမပြုသင့်ဆိုတဲ့ အချက်တွေထဲက တချို့အချက်တွေက သတိပြုစရာပါ။(က) Molnupiravir ဆေးဝါးသည် သန္ဓေသားအား အဆိပ်အတောက် ဖြစ်စေနိုင်သည့် အတွက် ကိုယ်ဝန်ဆောင်များတွင် အသုံးပြုရန်မသင့်ပါ၊(ခ) အရိုးနှင့်အရိုးနုများပျက်စီး စေနိုင်သည့်အတွက် နို့တိုက်မိခင်များနှင့် အသက် (၁၈) နှစ်အောက် လူငယ်များတွင်လည်း အသုံးမပြုသင့်ပါ၊(ဂ) Molnupiravir ဆေးဝါးသည် ကိုဗစ်-၁၉ ကြိုတင်ရောဂါကာကွယ်ဆေး မဟုတ်ပါဆို့တဲ့အချက်တွေ အပြင် အခြားအချက်တွေလည်း ဖော်ပြထားပါတယ်။ဘာမှန်းမသိရတဲ့ ခန့်မှန်းရခက်တဲ့ အခြေအနေမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့ ခက်ခဲပါတယ်။ အမှန်တရားကို ပေးသိတာက ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ခြင်းပါပဲ။

Leave a Reply

Your email address will not be published.