အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှု ရပ်ဆိုင်းခြင်းအပေါ် စိုးရိမ်စရာမလိုကြောင်း စီးပွား/ကူးသန်းထုတ်ပြန်

ရွှေမန်း

အင်ဒိုနီးရှားရဲ့ ပြည်ပနိုင်ငံတွေထံ စားအုန်းဆီတင်ပို့ရောင်းချမှု ရပ်ဆိုင်းလိုက်ခြင်းအပေါ် ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်စရာ မလိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ပြည်တွင်းစားအုန်းဆီဈေးကွက်တည်ငြိမ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ပြည်သူတွေ ဝယ်ယူရရှိစေရေးတို့အတွက် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။

ကမ္ဘာ့ထိပ်တန်း စားအုန်းဆီထုတ်လုပ်တင်ပို့ရောင်းချသူ အင်ဒိုနီးရှားက စားအုန်းဆီပြတ်လပ်မှုကို လျှော့ချဖို့နဲ့ ဈေးနှုန်းတွေ ထိန်းထားဖို့ ရည်ရွယ်ပြီး စားအုန်းဆီနဲ့ ၎င်းရဲ့ ကုန်ကြမ်းတွေကို ပြည်ပနိုင်ငံတွေထံ ဧပြီလ ၂၈ ရက်မှ စတင်ကာ တင်ပို့ရောင်းချမှု ရပ်ဆိုင်းမယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ကြေညာထားသည်။

မလေးရှားကတော့ သူ့အနေနဲ့ ကမ္ဘာ့စားအုန်းဆီ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ကြောင်း ပြောကြားထားပေမယ့် ကွာလာလမ်ပူမှာ စားအုန်းဆီတစ်တန်က ရင်းဂစ် ၆,၇၉၉ (ကန်ဒေါ်လာ ၁,၅၆၄) ကို မြင့်တက်သွားခဲ့ပြီး မတ်လ ၁၁ ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်ခဲ့သည်။

အင်ဒိုနီးရှားရဲ့ စားအုန်းဆီတင်ပို့ရောင်းချမှု ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပြည်တွင်းစားသုံးဆီဈေးနှုန်း မြင့်တက်လာနိုင်ကြောင်း သုံးသပ်ထားကြပြီး စားသောက်ကုန်ထုတ်လုပ်သူများအတွက် ကုန်ကျစရိတ် တိုးမြှင့်လာနိုင်ချေလည်း ရှိနေသည်။

စီးပွား/ကူးသန်းကတော့ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို့ ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနဲ့ မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်မယ်ဆိုရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနဲ့ အရေးယူမယ်လို့ သတိပေးထားကြောင်းသိရသည်။

လက်ရှိမှာ စားအုန်းဆီလက်ကျန်တန်ချိန် ၃၁,၀၀၀ ကျော်၊ ပိဿာချိန် ၁၉ သန်းကျော် ကျန်ရှိပြီး ပြည်တွင်းစားသုံးဖို့ လုံလောက်မှု ရှိကြောင်းနဲ့ ပြည်ပက စားအုန်းဆီသင်္ဘောများလည်း ပုံမှန်ဝင်ရောက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်ထိ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်အများစုအတွက် ပြည်ပနိုင်ငံတွေဆီက တင်သွင်းမှုအပေါ် မှီခိုနေရဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း စားအုန်းဆီအမယ် တစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာသန်း ၈၃၀ နီးပါး သုံးစွဲထားသည်။
စားအုန်းဆီစျေးကွက်အတွင်း ပြတ်လပ်မှုကြောင့် ုပည်တွင်းမြေပဲဆီစျေး အနည်းငယ်မြင့်တက်လာသလို မြေပဲဆံစျေးများလည်းမြင့်တက်လာ ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.