အခါမဲ့ရွာသွန်းခဲ့သည့် မုန်တိုင်းမိုးကြောင့် ကြက်သွန်နီခင်းအများအပြား ပျက်စီးခဲ့

ဝေနှင်းခက်

မတ် ၂၂ ရက်နှင့် ၂၃ ရက်နေ့များက အချိန်အခါမဲ့ရွာသွန်းခဲ့သည့် မုန်တိုင်းမိုးကြောင့် မကွေးတိုင်း ဒေသကြီးရှိ ချောင်းများအတွင်း စိုက်ပျိုးထားသော ကြက်သွန်နီခင်းအများအပြား ပျက်စီးခဲ့ပြီး ပိဿာချိန် သန်းနှင့်ချီ ဆုံးရှုံနိုင်သည်ဟု ဒေသခံတောင်သူများနှင့် ကြက်သွန် လုပ်ငန်းရှင်များထံမှ သိရသည်။ ဇန်နဝါရီလပိုင်းက စတင်စိုက်ပျိုးခဲ့သည့် ကြက်သွန်ခင်းများကို မတ်လကုန်၊ ဧပြီလပိုင်းများတွင် ပြန်လည်နုတ်သိမ်း ရလေ့ရှိကြောင်း မုန်တိုင်းမိုးများကြောင့် အဆိုပါချောင်းများအတွင်းရှိ ကြက်သွန်ခင်းများ မျောပါခြင်း၊ ရေဝင်နစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ မကွေးတိုင်းဒေသကြီးအတွင်း ယော၊ ဆော၊ မုန်း၊ မန်း၊ စလင်း၊ ပင်း၊ ယင်း၊ ဒေါင်းနေ၊ ဗွက်ကြီး စသည့်ချောင်းများအတွင်း နှစ်စဉ် ပွင့်လင်းရာသီတိုင်း ကြက်သွန်နီ စိုက်ပျိုးလေ့ရှိသည်ဟုသိရသည်။ ကြက်သွန်နီ၏ သဘာဝအရ ရေမြုပ်သည်နှင့် အထားမခံဘဲ ပုပ်ကုန်လေ့ရှိသဖြင့် ရေမြုပ်ခဲ့သည့် ကြက်သွန်ခင်းများကို သက်တမ်းမစေ့ဘဲ နုတ်သိမ်းကြရသည်။ “ အခုက ရေမျောပါတဲ့ စိုက်ခင်းတွေရှိသလို ချောင်းထဲက ကြက်သွန်ခင်း အကုန်လုံးနီးပါးက ရေလွှမ်းခံခဲ့ကြရပါတယ်။ ဒါကြောင့် နုတ်ရက်မစေ့လည်း နုတ်ပြီး အမြန်ရောင်းကြရမှာပါ ” ဟု ရေနံချောင်းမြို့နယ် ပင်းချောင်းအတွင်း ကြက်သွန်စိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောကြားသည်။ မကွေးမြို့နယ် ဒေါင်းနေချောင်းအထက်ပိုင်းတွင် ကြက်သွန်စိုက်ပျိုးသည့် တောင်သူတစ်ဦးက “ ကျွန်တော်တို့ရွာတွေက ကြက်သွန်ခင်းတွေက မတ် ၂၂ ရက်နေ့က ရွာတဲ့မိုးတွေနဲ့တင် အကုန်နီးပါး မျောပါကုန်တာပါ။ ချောင်းရေက လုံးပြည့်လာလိုက်တော့ အကုန်မျောကုန်ခဲ့တာပါ ” ဟု ပြောကြားသည်။
ကြက်သွန်နီစိုက်ပျိုးရေးသည် ချောင်းများအတွင်း ပွင့်လင်းရာသီ တစ်ချိန်တည်းအတွက် မြေဩဇာနှင့် ဆေးဝါးများ အများအပြားအသုံးပြုရလေ့ရှိကြောင်း ထို့သို့ ကြက်သွန်နီစိုက်ပျိုးရန် သွင်းအားစုကုန်ကျစရိတ်များ များပြားပြီး ယခင်နှစ်က ကြက်သွန်နီဈေး အဆမတန်လျော့ကျနေခဲ့ကြောင်း ထို့ကြောင့် ယခုနှစ်တွင် ကြက်သွန်နီစိုက်ပျိုးသူ လျော့ကျခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.