သီတင်းကျွတ်မီးထွန်းပွဲအတွက် မြန်မာ့ရိုးရာ မီးပုံးများ မန္တလေးဈေးကွက်တွင်စတင်ပြုလုပ်ရောင်းချ

ရွှေမန်း

သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် မြန်မာ့ရိုးရာ မီးပုံးများနှင့် ဆက်စပ်ထုတ်ကုန်များ မန္တလေးဈေးကွက်တွင် စတင် ပြုလုပ်ရောင်းချနေပြီဖြစ်ပြီး ယမန်နှစ်ထက် ဈေးအနည်းငယ်သာ မြင့်တက်မှုရှိကြောင်း မီးပုံးများပြုလုပ်၍ နှစ်စဉ် ဖေါက်သည်ရောင်းချနေသူ ဦးမြင့်ထွေးကပြောသည်။

ဗုဒ္ဓဘုရားရှင်သည် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်မှ လူပြည်သို့ စောင်းတန်းသုံးသွယ်နှင့် ကြွချီဆင်းသက်လာသည်ကို အလင်းရောင်မီးများထွန်းညှိပူဇော်ကြရာက မီးထွန်းပွဲတော်ဖြစ်ပေါ်လာသည် ဟုဆိုသည်။

“ကျွန်တော်တို့က ဘိုးစဉ်ဘောင်ဆက် မီးပုံးတွေလုပ်ပြီး ဖေါက်သည်ပေးတယ်။ ဝယ်သူတွေ ဈေးမများအောင် အတတ်နိုင်ဆုံးဈေး လျှော့ရောင်းပါတယ်။ဒီနှစ်မှာ ကြာဖူးပုံလေးနဲ့ မီးပုံးကို ဒီဇိုင်းအသစ်ထုတ်ထားတယ်။ မီးပုံး ကတော့ သီတင်းကျွတ်လပြည့်နားနီးမှ အများကြီးထုတ်တယ်။အမှာကလည်း အဲဒီကျမှ အများကြီးလာတာပါ။ ခုချိန်မှာ ကား၊သဘောၤ၊တိရိစ္ဆာန်ရုပ်တွေကို ကြိုလုပ်တယ်။ကုန်ကြမ်းဈေးတက်ပေမယ့် မနှစ်ကထက် နည်းနည်း တော့ ဈေးမြင့်တယ်“ဟု ၎င်းကပြောသည်။

ထိုသို့ ထုတ်လုပ်ရာတွင် မီးပုံးများသာမက ကလေးများနှစ်သက်သည့် လေယာဉ်ပျံ၊မော်တော်ကား၊သဘောၤနှင့် တိရိစ္ဆာန်ရုပ်များစသဖြင့် ၁၂ မျိုးကျော်ကို ဖယောင်းတိုင် မီးထွန်းလျင် အလင်းရောင်ရရစေရန် တရုတ်ပြည်မှ ဝယ်ယူရသော မှန်စက္ကူနှင့် ဆီစိမ်စက္ကူများဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ဈေးနုန်းမှာလည်း အရွယ်အစား၊ဒီဇိုင်းပုံ ပေါ်မူတည်၍အနည်းဆုံး ငွေကျပ် ၅၀၀ မှ ငွေကျပ် သောင်းဂဏန်းထိရှိကြောင်းသိရသည်။

“ရာသီကုန်ဆိုတော့ သီတင်းကျွတ်မတိုင်မီ တော်သလင်းလကနေ စလုပ်ပြီး နယ်တွေအတွက် အော်ဒါပို့ပေးရ တယ်။ ကျွန်တော်တို့ ရောင်းဈေးနဲ့ လက်လီတစ်ခုခြင်းရောင်းဈေးက ကွာတာပေါ့။လေယာဉ်ပျံဆို ၂၀၀၀ နဲ့ ဖေါက်သည်ပေးရင် လက်လီမှာ ၂၅၀၀-၃၀၀၀ လောက်ဖြစ်သွားတယ်။လက်လီရောင်းတဲ့အခါမျိုးအစားလိုက် ဈေးတင်ရောင်းကြတာပေါ့”ဟုဆက်လက်ပြောကြားသည်။

အဆိုပါ သီတင်းကျွတ်မီးထွန်းပွဲ ရာသီကုန်များကို မြန်မာနိုင်ငံအနှံ့အပြား တင်ပို့ရောင်းချနေရပြီး မှန်ရောင် စက္ကူနှင့် ဆီစိမ်စက္ကူအသုံးပြုကာ တင်းဝါးများဖြင့် ပုံစံမျိုးစုံ ပုံဖေါ်ပြုလုပ်သည့် မြန်မာ့လက်မှုပညာဖြစ်ကာ သီတင်းကျွတ်လ၏ မြန်မာ့ ဓလေ့တစ်ခုလည်းဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.