ရင်ဆိုင်ရင်း ရုန်းကန်ရဦးမှာလား

ကောင်းဇော်

ဘောလုံးပွဲတပွဲကစားတဲ့အခါ ဖွင့်ပြီး ပြိုင်ဖက်နဲ့အပြိုင် ဖွင့်ကစားတဲ့နည်းက စိတ်လှုပ်ရှားစရာကောင်းပေမယ့် ပေးဂိုးများသွားနိုင်ပါတယ်။
ခံစစ်အားပြုပြီး အပိတ်နဲ့ ကစားတဲ့နည်းလမ်းက အဆုံးအရှုံးကို သက်သာစေနိုင်ပေမယ့် ပြိုင်ဖက်က အားကြီးတဲ့ ခွက်ခွက်လန် အရှုံးကို ရင်မှာ ပိုက်သွားရနိုင်ပါတယ်။
ကိုဗစ် 19က မျိုးကွဲအမျိုးမျိုးနဲ့ တိုက်ခိုက်တာကို ရေရှည်ရင်ဆိုင်ဖို့ ပြင်ထားရမှာပါ။ အားနည်းတဲ့နိုင်ငံနဲ့ လူတစ်ဦးချင်းစီကို ဒုက္ခပင်လယ်ဝေသွား စေနိုင်မယ်ဆိုတာ သတိပြုရင်း ကျန်းမာရေးအသိတွေကို အမြဲလက်ကိုင်ထားရမှာပါ။
လူတစ်ဦးချင်းစီအနေနဲ့ နှာခေါင်းစီး တပ်ဖို့၊ လက်ဆေးဖို့၊ အတတ်နိုင်ဆုံး အကွာအဝေးတစ်ခုကို သတိပြု နေထိုင်ဖို့ဆိုတာ ကိုဗစ် 19ကို ကာကွယ်နိုင်ဖို့ အမြဲ ပြုနေရမယ့် အခြေခံကျန်းမာရေးကျင့်ဝတ်တွေပါ။
‌ဥပါဒ်မပေးနိုင်တဲ့အခါ သူ့ကို မေ့လျော့နေတတ်ကြပါတယ်။
အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ် 19က ထပ်မံပြန်လည်လှုပ်ရှားလာနေပါတယ်။
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာ ကိုဗစ်ကူးစက်မှု အသစ် (၃၇၁၂) ခု ရှိပြီး တစ်လအတွင်း စံချိန်တင်ကူးစက်ခံရသူအရေအတွက်မြင့်တက်လာခဲ့တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောတာကို Channel News Asia မှာ ဇွန်လ(၂)ရက်နေ့က ဖော်ပြထားပါတယ်။
အိန္ဒိယက ရောဂါဖြစ်ပွားသူတွေမှာ ဆေးရုံတက်ကုသရသူ နည်းပြီး ရောဂါဖြစ်တာရဲ့ (၉၆) ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာ မပြပဲဖြစ်နေတာလို့ ပြည်သူ့ကျန်းမာရေးအဖွဲ့ရဲ့ နေ့စဥ်ကိုဗစ်အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
အိမ်နီးချင်း ထိုင်းမှာလည်း ကိုဗစ် 19က တကြော့ပြန်လြှပ်ရှားချင်တဲ့ အရိပ်အယောင်တွေ တွေ့နေပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃,၀၀၁ ယောက်ရှိပြီး အယောက် ၃၀ ထပ်မံပြီးတော့ သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်လို့ ဇွန်လ ၄ရက်နေ့သတင်းတပုဒ်မှာ တွေ့ရပါတယ်။
လတ်တလော ကူးစက်မှုအသစ် ၃,၀၀၀ ကျော်ထဲမှာတော့ Antigen Test စစ်ဆေးမှုနဲ့ ရောဂါကူးစက်ခံရသူ ၃,၁၈၇ ယောက် မပါဝင်သေးတာမို့ အဲဒီအရေအတွက်ကိုပါ ထည့်ပေါင်းမယ်ဆိုရင် ကူးစက်ခံရသူ စုစုပေါင်းကတော့ ၆,၁၈၈ ယောက် ရှိနေတာလို့ အဲ့ဒီမှာ ထပ်မံ ဖော်ပြထားပါတယ်။
ကိုဗစ် 19 ရဲ့ အစလို့ပဲ အဆုံးသတ်မယ့်ကာလကလည်း မမျှော်လင့်နိုင်သေးပါဘူး။ သူကို သတိပြုနေထိုင်ရင်း နေ့စဉ်အသက်မွေးကြောင်းဖို့ ပြင်ဆင်၊ အသက်မွေးသွားရမယ့် ပုံပါ။
ကိုဗစ် 19 ရဲ့ မျိုးကွဲတွေနဲ့ ဖြစ်ပေါ်ကူးဆက်ပုံက အများပြည်သူအတွက် ခက်ခဲပါတယ်။
ကိုဗစ် 19 မျိုးကွဲတွေ စိုးရိမ်ဖွယ်ရာ ဖြစ်ပေါ်လာပုံကို ဒေါက်တာခင်ဇာဝင်းပြည့်နဲ့ သတင်းဌာနကြီးတခုတို့ အပါတ်စဉ်ထုတ်လွှင်တဲ့ ကျန်းမာရေးဗဟုသုတ အစီအစဉ်ကနေ အခုလို သိရပါတယ်။ ကိုဗစ် 19ရဲ့ Phase 1က တရုတ်နိုင်ငံ ဝူဟန်က တွေ့ခဲ့တယ်။ မျိုးကွဲ
D 614 alpha ကို UKမှာ တွေ့တယ်။ beta ကို တောင်အာဖရိကမှာ တွေ့တယ်။ ဂမ်မာ၊ ဒယ်တာ တွေအထိ မျိုးကွဲတွေ ရှိလာတယ်။ ၂၀၂၀ ဒီဇင်ဘာမှာ ဒယ်တာကို အိန္ဒိယမှာ တွေ့တယ်။
အိုမီခရွန်ကို ၂၀၂၁ နိုဝင်ဘာလလောက်က စပြီး နေရာဒေသမျိုးစုံမှာ တွေ့လာရတယ်။ အိုမီခရွန်မျိုးကွဲ BA 2 ကိုလည်း ထပ်တိုးတွေ့လာရတယ်။ အိုမီခရွန်မိသားစုကို BAလို့ သတ်မှတ် အမည်ပေးတယ်။ BA 1, BA 2, BA 3, BA 4 တို့က အိုမီခရွန်ရဲ့ မိသားစုဝင်တွေ၊ ဝမ်းကွဲတွေ ဖြစ်တယ်။
စင်ကာပူဟာ နောက်ထပ်ကိုဗစ်လှိုင်းတစ်ခုကို အစောဆုံးဇူလိုင် (သို့မဟုတ်) ဩဂုတ်လမှာကြုံရနိုင်တယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီး Ong Ye Kung က မေ ၁၅ရက်က ပြောကြားခဲ့ပါတယ်။
စင်ကာပူဟာ အိုမီခရွန် BA.4 နဲ့ BA.5 မျိုးကွဲရှိသူ ပထမဦးဆုံး (၃) ယောက်ကို မေလ ၁၅ရက် ၂၀၂၂ကတွေ့ရှိထားပါတယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။
အဆိုးဆုံးလို့ ထင်ခဲ့တဲ့ ရောဂါကပ်ဘေးတခုကို အားလုံးရင်ဆိုင်ခဲ့ရပါတယ်။
WHO( World Health Organization)က ဒယ်တာမျိုးကွဲက အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံးလို့ သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒယ်တာက အပြင်းဆုံးနဲ့ သေဆုံးမှု အများဆုံး ဖြစ်ခဲ့ပါတယ်။ ဒယ်တာကို ၂၀၂၁ မေလမှာ စတွေ့ခဲ့ပြီး၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်မှာ သေဆုံးမှုများခဲ့ပြီးကူးဆက်သူလည်း အလွန်များခဲ့ပါတယ်လို့ ဆိုပါတယ်။ အောက်ဆီဂျင်မလုံလောက်မှုတွေလည်း အများအပြားဖြစ်ခဲ့ပါတယ်။
ကိုဗစ် 19 မျိုးကွဲတွေကြားက အောက်ဆီဂျင်နဲ့ အသက်ရှင်ဖို့ တစ်ယောက်ကိုတစ်ယောက် ကူရင်း ကျော်ဖြတ်ခဲ့ရတယ်။ မမြင်ရသေးပေမယ့် အန္တရာယ်ပေးနိုင်တဲ့ လှိုင်းလုံးက ဘယ်အချိန် ထပ်ရိုက်ခတ်မလဲလို့ သတိထားနေရဆဲပါ။
International Commeettee of the Red Cross Myanmar က ‘ကိုဗစ်-၁၉ ရောဂါကပ်ဘေးက ကျွန်ုပ်တို့အားလုံးကို ဆက်လက် ခြိမ်းခြောက်လျက်ရှိပါတယ်။ လူတိုင်းက အကာအကွယ်ရရှိထားပြီးသား ဖြစ်ဖို အရေးကြီးပါတယ်။ ကျွန်ုပ်တိုရဲ့ မိသားစုတွေ နဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အကျိုးအတွက် လူတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခွင့်ကို တူညီစွာ ရရှိနိုင်ရပါမယ်’လို့ ပြောထားပါတယ်။
မိသားစုဝင်တွေ ကွဲကွာ မသွားဖို့၊ မိသားစုဘဝတွေ မပြိုကွဲဖို့က အကြောင်းအမျိူမျိုးကြားမှာ ခက်ခဲပါတယ်။ တနိုင်တပိုင်ခုခံကာကွယ်နိုင်တဲ့ ကျန်းမာရေးအခြေခံအချက်တွေကို လူတိုင်း အမြဲလိုက်နာတာက မိသားစုကို စောင့်ရှောက်တာပါပဲ။
ဘယ်သူ့မှ အားကိုးမရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်တာက အလွယ်ဆုံးနည်းပါ

Leave a Reply

Your email address will not be published.