မြန်မာ့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု ဇူလိုင်လတွင် မက်ထရစ်တန်ချိန်ပေါင်း(၁၈၂၅၅၀) တင်ပို့ခဲ့

ရွှေမန်း

ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သည့် ဆန်နှင့် ဆန်ကွဲများကို ပြည်ပသို့ နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန် သွယ်မှုဖြင့် တင်ပို့ရောင်းချလျက်ရှိရာ ဇူလိုင်လတွင် မက်ထရစ်တန်ချိန်ပေါင်း (၁၈၂၅၅၀)တင်ပို့နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်မှ သိရသည်။

ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုမ္ပဏီပေါင်း ၄၃ ခုဖြစ်ပြီး ဆန်သားတင်ပို့မှုမှာ ၁၂၃၆၁၃ မက်ထရစ်တန်နှင့် ဆန်ကွဲ ၅၈၉၃၇ မက်ထရစ်တန်၊စုစုပေါင်း(၁၈၂၅၅၀)တန်ဖြစ်ကြောင်းသိရသည်။

“Export ဆန်နဲ့ဆန်ကွဲ အမျိုးအစားက ပြည်တွင်းစားသုံးနေတဲ့ အမျိုးအစားအနည်းငယ်ပဲ ပါတယ်။ ပြည်တွင်း မှာ တိရစ္ဆာန်စာ၊အဖျော်ယမကာနဲ့အရက်ချက်ဖို့ အများစုဝယ်ကြတာ။ပို့ကုန်မူဝါဒတွေနဲ့ ခွင့်ပြုမှု အကန့်အသတ် တွေကြောင့် Export လောကမှာ အခက်အခဲရှိလာတာ။ပြည်တွင်းမှာ ပိုလျှံတာကြောင့် Export သာမလုပ်နိုင် ရင် တောင်သူတွေ စက်သမားနဲ့ အလုပ်သမားတွေ ထိခိုက်မှု ပိုများနိုင်တယ်”ဟု ပို့ကုန်လုပ်ငန်း ရှင်တစ်ဦးက သုံးသပ်သည်။

ထိုသို့တင်ပို့ရာ၌ ပင်လယ်ရေကြောင်းမှ (၁၄၇၁၂၀)မက်ထရစ်တန်နှင့်နယ်စပ်လမ်းကြောင်းမှ (၃၅၄၃၀)မက် ထရစ်တန်ဖြစ်ပြီး၊ ဆန်တင်ပို့မှုမက်ထရစ်တန်ချိန်များမှာ တရုတ်နိုင်ငံသို့(၃၇၉၈၇)တန်၊ဖိလစ်ပိုင်သို့(၂၅၃၈၄) တန်၊စပိန်နိုင်ငံသို့(၂၀၅၀၀)တန်၊အီတလီသို့ ၁၈၈၃၃တန်နှင့်နယ်သာလန်သို့(၈၅၅၀)တန်ဖြစ်ပြီး ဆန်ကွဲမှာ ဘယ်ဂျီယံသို့(၂၄၇၅၀)တန်၊တရုတ်သို့(၂၄၁၈၇)တန်နှင့်စပိန်သို့(၁၀၀၀)တန်ဖြစ်ကြောင်းသိရသည်။

“ပြည်ပ ပို့တာက ပြည်တွင်းစားသုံးတဲ့ ဆန်အနည်းအကျဉ်းသာဖြစ်လို့ ပြည်တွင်း စားသုံးသူဈေးကွက်ကို မထိ ခိုက်နိုင်ဘူး။Export ဈေးကောင်းရင် တောင်သူတွေအတွက် အဆင်ပြေမယ်။လက်ရှိမှာ စိုက်ပျိုးရေးသွင်းအားစု ဈေးတွေက၂ဆကျော်တက်နေသလို စက်သုံးဆီဈေး၊လုပ်အားခ စသဖြင့် မြင့်တက်တာတွေကို တောင်သူတွေ ကြုံတွေ့နေရတယ်”ဟု ဆန်စပါးကုန်သည် ကိုပိန်းကြိုင်က ပြောသည်။

မြန်မာနိုင်ငံအောက်ပိုင်းမှ ထွက်ရှိသော စပါးများမှာ ပြည်တွင်းစားသုံးသည့် ဆန်ထက် ပြည်ပပို့ကုန် ဆန်ကွဲ A-12 , B-2 ,3 ,4 နှင့် Brown Rice ဟုခေါ်သောလုံးတီဆန်အဆင့်နှင့် ၂၅ရာခိုင်နုန်းအဆင့်သာရှိကြောင်း၊ပြည်ပ တင်ပို့မှု ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ချိန်များမှာ ဧပြီလက(၂၅၀၉၄၇)တန်၊မေလက(၁၅၃၅၀၇)တန်၊ဇွန်လက (၁၄၆၀၉၄)တန်နှင့်ဇူလိုင်လတွင်(၁၈၂၅၅၀)တန်ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.