မြန်မာ့ စိန်တလုံးသရက်သီး စင်ကာပူနိုင်ငံဈေးကွက်သို့ လေကြောင်းလိုင်း ၊သင်္ဘောလိုင်းဖြင့် စတင်တင်ပို့

ရွှေမန်း

အရည်အသွေးကောင်း မြန်မာ့ စိန်တလုံးကို မေ ၇ ရက်နေ့က စင်ကာပူနိုင်ငံဈေးကွက်သို့ လေကြောင်းဖြင့် လည်းကောင်း မေ ၉ရက်နေ့တွင် သင်္ဘာလိုင်းဖြင့် လည်းကောင်း အသီးသီး စတင်တင်ပို့နေပြီဖြစ်ကြောင်း ပလိပ်မြို့ သဇင်နွယ်သရက်ခြံမှသိရသည်။

ပြည်တွင်း အရည်အသွေးကောင်းစိန်တလုံးသရက်သီးများကို တောင်သူများထံမှ ဈေးကောင်းဝယ်ယူကာ ရိတ်သိမ်းချိန်လွန်နည်းပညာဖြင့် ဆေးကြောသန့်စင်ခြင်း၊ အရွယ်အစားခွဲခြင်း ၊မှိုရောဂါပိုးမွှားများ စနစ်တကျ သန့်စင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီး အစာအစားထုတ်ပိုးသည့် ဂျက်စက္ကူဖြင့်ထုတ်ပိုးကာ အအေးခန်းစနစ်ဖြင့် နိုင်ငံတကာအဆင့်မီပြင်ဆင်မီတင်ပို့ခြင်းဖြစ်တာကြောင့် စင်ကာပူဈေးကွက်တွင် အခြားနိုင်ငံများ၏ သရက်သီးများနှင့် အပြိုင်ဈေးကွက်ထိုးဖောက်နိုင်ရန် ရည်ရွယ်တင်ပို့ခြင်းဖြစ်ကြောင်း အကျိုးအမြတ်နည်းသော်လည်း ပြည်တွင်းတောင်သူများသရက်သီးဈေးကောင်းရရှိအောင် ကူညီပေးနီုင်သည့် အတွက် ဝမ်းသာကြောင်း သဇင်နွယ်သရက်ခြံ မန်နေဂျာ ဦးဌေးအောင်က ပြောသည်။

“ စင်ကာပူလေကြောင်းလိုင်းနဲ့က အရင်ကလည်းတင်ပို့ခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် မနှစ်ကတော့ မတင်ပို့နိုင်ခဲ့ပေမယ့် အရင်ဝယ်လက်ဟောင်းတွေနဲ့ပဲ အခု ပြန်တင်ပို့နေတာပါ။ တောင်သူတွေ တရုတ်ဈေးကွက်မှာ တွက်ခြေမကိုက်ပေမယ့် အရည်အသွေးကောင်းရင် ကောင်းသလို ဈေးကောင်းပေး ဝယ်ပါတယ်။ သဇင်နွယ်အနေက သရက်သီးကို အရည်အသွေးအလိုက်အကုန်ဝယ်ပေးတာဖြစ်လို့ လာရောင်းတဲ့ တောင်သူတွေ အတွက် အသီးတိုင်းငွေဖြစ်ပါတယ်။ သရက်သီးတွေကို အရွယ်အစားအလိုက် ပို့ကုန်တင်တာတင် ပြည်တွင်းရောင်းတာရောင်း ၊သရက်သီးအနှစ်အတွက်လည်းဝယ်ယူပေးတာဖြစ်လို့ တောင်သူတွေ အဆင်ပြေစေပါတယ်။ အကျိုးအမြတ်ထက် ပြည်တွင်းစိန်တလုံးကို နိုင်ငံတကာဈေးကွက်မှာ ပေါက်စေချင်တာပါ။ဒါမှာ ရည်ရှည်မှာ သရက်တောင်သူတွေ ဈေးကွက်အသစ်နဲ့ ဈေးကောင်းရရှိမှာပါ။ ထုတ်ပိုးတင်ပို့မှုစနစ်တွေကိုတော့ နိုင်ငံတကာအဆင့်မီ ပြုပြင်တင်ပို့ရပါတယ်” ဟု ၎င်းကပြောသည်။

ပြည်တွင်းတောင်သူများမှာ တရုတ်နိုင်ငံဈေးကွက်သို့ ယခင်လိုတိုက်ရိုက်တင်ပို့နိုင်ခြင်းမရှိတော့သော်လည်း မူဆယ်ပွဲရုံများမှ ခြံပြတ်ဈေးဝယ်ယူကာ တင်ပို့နေကြသလို့ စင်ကာပူနိုင်ငံဈေးသို့ တင်ပို့ရန် အရည်အသွေးကောင်း သရက်သီးများရွေးချယ်ဝယ်ယူတင်ပို့မှုများလည်းရှိနေသည်။ လက်ရှိအချိန်တွင် ပြည်တွင်းဈေးကွက်မှာလည်း ယခင်နှစ်ထက် ဈေးပိုမိုရရှိနေကြာင်း ၊သို့သော်လည်း သရက်ခြံအများစုမှာ နှစ်နှစ်ဆက်တိုက် ဈေးကွက်ပျက် ဈေးကောင်းမရှိခဲ့တာကြောင့် ခြံပြုပြင်မှုနည်းပါးခြင်း၊သွင်းအားစုသုံးစွဲမှုလျော့ချထားခြင်း ၊သရက်သီးအိတ်စွပ် အရေအတွက်လျော့နည်းခြင်းများကြောင့် ယခင်နှစ်ထက် သရက်သီးထွက်ရှိမှုလျော့ကျနေကြောင်း မြန်မာ့သရက် ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က သုံးသပ်ပြောကြားသည်။

“ ဈေးကွက်က နှစ်နှစ်ဆက်တိုက်ဈေးကောင်းမရတော့ တောင်သူတွေ ခြံပြင်ဆင်မှု အားနည်းတယ်။သွင်းအားစုဈေးတွေတက်တော့ လုပ်သားခ အိတ်ဈေးတွေ မြင့်တော့ ဒီအတိုင်းပစ်ထားတာများတယ်။ အချို့လည်း အိတ်စွပ်ကြပါတယ်ဒါပေမယ့် ၅၀ရာခိုင်နှုန်းတောင်မပြည့်ချင်ဘူး။ ဒီနှစ်မှာတော့ အသီးအထွက်နည်းတော့ ဈေးကောင်းရကြပါတယ်။ကုန်ကျစရိတ်တွေလည်းမြင့်တော့ တောင်သူတွေကတော့ ဈေးရတယ်ဆိုပေမယ့်ဒုန်းရင်းအတိုင်းပါပဲ။ လာမည့်နှစ်တွေမှာ ကုန်သွယ် ရေးလမ်းကြောင်းတွေ ကောင်းရန်တော့ ဈေးကွက်မြင့်မားလာမှာပါ။ သရက်သီးဈေးကွက်က ဒီနှစ် ပြည်တွင်းကို ပြန်ရွေ့လာတဲ့ သဘောတော့ဖြစ်လာပြီ။ မူဆယ်ပွဲရုံတွေခြံတွေ အရောက်ဆင်းဝယ်သလို ၊အခြားပို့ ကုန်သမားတွေလည်း ဈေးမြင့်ပေးဝယ်လာပါတယ်။ ပို့ကုန်ဖြစ်ပြည်တွင်းရောင်းရောင်း သရက်သီးကတော့ အိတ်စွပ်သီးမှာပဲ ဈေးကောင်းရပါတယ်” ဟု၎င်းကပြောသည်။

ယခင်နှစ်နှစ်က သရက်သီးပေါ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု ၊နိုင်ငံရေးအပြောင်းအလဲများကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဖြစ်ကာ သရက်သီးတင်ပို့မှုလျော့ကျခဲ့ပြီးပြည်တွင်း ဈေးကွက် တွင်သာရောင်းချခဲ့ရသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံသို့တင်ပို့ရာတွင်လည်း ယွမ်ငွေဈေးမြင့်တက်နေတာကြောင့် တရုတ်နိုင်ငံဈေးကွက်တွင် စိန်တလုံးသရက်သီး ၁၆ကီလို တစ်ခြင်း ယွမ် ၁၀၀ကျော် ၊မြန်မာငွေ ကျပ် ၃၂၀၀၀ ခန့် ကြမ်းခင်းဈေးပေါက်ဈေးရှိကာ တောင်သူ များဈေးကောင်းရရှိလာခြင်းဖြစ်သည်။ပြည်တွင်းဈေးကွက်တွင်းလည်း ၃၀၀-၃၅၀ ဂရမ်သရက်သီးတစ်လံုံး ကျပ် ၆၀၀-၇၀၀ ပေါက်ဈေးရှိကြောင်းသိရသည်။

ထိုသို့ပြည်တွင်းသရက်သီးများ တရုတ်နိုင်ငံဈေးကွက် ၊စင်ကာပူနိုင်ငံ ဈေးကွက်များသို့ တင်ပို့နိုင်မှသာ သရက်တောင်သူ၊ ပို့ကုန်သမား၊ ခြံလုပ်သားများ ၊သယ်ယူပို့ဆောင်ရေး ကွင်းဆက်တစ်ခုလုံး အလုပ်အကိုင် အခွင့်အလမ်းရရှိအဆင်ပြေကြမည်ဖြစ်ပြီးတိုင်းပြည်၏ နိုင်ငံခြားပို့ကုန်ရငွေလည်းတိုးတက်လာမည်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့်နိုင်ငံရေးအပြောင်းအလဲများကြောင့်ယခုနှစ်တွင် တောင်သူများ သရက်ခြံ ပြုပြင်မှုနည်းပါးခြင်း၊သွင်းအားစုလုပ်သားခ၊ စက်သုံးဆီဈေးများမြင့်တက်လာတာကြောင့် ခြံစရိတ် ပိုမိုကုန်ကျထားခြင်း နှစ်စဉ် (GAP) လက်မှတ်လျောက်ထားမှုများပင် ရပ်နားထားလိုက်ရကြောင်း သရက် တောင်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published.