မြန်မာ့ထောပတ်သီးကို ပြည်ပဈေးကွက် အလားအလာကောင်းနေတာကြောင့် လာမည့် ထောပတ်ရာသီတွင် နိုင်ငံခြားသို့ စတင်တင်ပို့မည်

ရွှေမန်း

မြန်မာ့ထောပတ်သီးကို ပြည်ပဈေးကွက် အလားအလာကောင်းနေတာကြောင့် လာမည့် ထောပတ်ရာသီတွင် နိုင်ငံခြားသို့ စတင်တင်ပို့မည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့ထောပတ်သီးကို ပြည်ပနိုင်ငံများမှ ကမ်းလှမ်းမှုများကြောင့် ဈေးကွက်အလားအလာကောင်းများရှိနေ သော်လည်း ပြည်တွင်းဈေးကွက် ဝယ်လိုအားကို လုံလောက်အောင်ဖြည့်ဆည်းနေရသဖြင့် ၂၀၂၁ ခုနှစ်က ပြည်ပသို့ တင်ပို့နိုင်ခဲ့ခြင်းမရှိကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

လာမည့်ထောပတ်သီးရာသီ အောက်တိုဘာလ နောက်ပိုင်းတွင် မြန်မာ့ထောပတ်သီးများဈေးကွက်သို့ ရောက်ရှိတော့မည်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်က ခြံအရောက်ဝယ်ဈေး တစ်ကီလို ၄၀၀၀ ကျပ်နှင့် ပြန်လည်ရောင်းချသူမှ တစ်ကီလို ၆၀၀၀ ကျပ်ဈေးရှိကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှအတွင်းရေး မှူး ဦးကျော်စိုးမင်းကပြောသည်။

“ပြည်ပနိုင်ငံတွေက ထောပတ်သီးဝယ်ဖို့ ကမ်းလှမ်းမှုတွေ ရှိနေတယ်။ပြည်တွင်းဝယ်လိုအားကောင်း နေတော့ မနှစ်ကဆိုရင် စကာၤပူနဲ့ ဒူဘိုင်းကိုမပို့နိုင်ခဲ့ဘူး။နောက်လာမယ့် ၃ နှစ်လောက်ဆိုရင် ပြည်တွင်းဈေး ကွက်ကနေ ပိုလျှံလာမှာဖြစ်လို့ ပြည်ပဈေးကွက်ပိုမိုရရှိရေးနဲ့တင်ပို့နိုင်ဖို့ စတင်ပြင်ဆင်နေပါပြီ”ဟု ၄င်းက​ပြော သည်။

ပြည်ပဈေးကွက်တွင် မြန်မာ့ထောပတ်သီးတင်ပို့နိုင်ရန်မှာ ပြည်တွင်းဈေးကွက် မှ ပိုလျှံမှသာ တင်ပို့နိုင်မည် ဖြစ်၍ အသင်းအနေဖြင့် ထိုင်းနိုင်ငံပြပွဲသို့သွားရောက်ပြသခဲ့ကြောင်း၊ဂျပန်နိုင်ငံမှလည်းလာရောက်ပြသရန် ဖိတ်ခေါ်မှုရှိခဲ့သော်လည်း သွားရောက်ပြသင့်/မသင့်ကို ၎င်းတို့အသင်းမှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကမ်းလှမ်းတဲ့အဆင့်ဆိုတာက အရောင်းအဝယ် ဖြစ်တာမဟုတ်သေးဘူး။ဂျပန်ကလည်း သူတို့ဆီလာပြသဖို့ ကမ်းလှမ်းမှုတွေရှိတယ်။သွားပြသင့်မပြသင့် ဆုံးဖြတ်ဖို့လုပ်နေတယ်။ခုလာမယ့် ထောပတ်သီးရာသီမှာ ထိုင်းနဲ့ နယ်သာလန်ပို့ဖို့ အသင်းက ဆုံးဖြတ်ထားပါတယ်။ပြည်တွင်းမှာ ဝယ်လိုအားကောင်းတာကြောင့် ပြည်ပကို ကောင်းကောင်းမပို့နိုင်သေးဘူး”ဟုဆက်လက်ပြောကြားသည်။

မြန်မာ့ထောပတ်သီးကို ပြည်ပဈေးကွက်နေရာရရှိရေးအတွက် စိုက်ပျိုးတောင်သူများမှ စနစ်တကျနှင့် အရည် အသွေးပိုင်းထိန်းသိမ်းနိုင်ရန်လိုအပ်ပြီး နှစ်စဉ်ပြည်ပဈေးကွက်သို့ တင်ပို့မှုမှာ ထိုင်းနှင့်တရုတ်နိုင်ငံသို့ အများ ဆုံးဖြစ်၍ တစ်နှစ်လျင် တန်ချိန် တစ်သောင်းခွဲခန့်ရှိကြောင်းသိရသည်

Leave a Reply

Your email address will not be published.