မန္တလေးမြို့တွင် ဖရဲအလုံးကြီးမျိုးပြိုင်ပွဲ ကျင်းပ

ရွှေမန်း

Known You Seed Myanmar ကုမ္ပဏီမှ ကြီးမှူးကျင်းပသည့် ဖရဲအလုံးကြီးမျိုးပြိုင်ပွဲကို
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၈၅)လမ်း၊ (၃၄)လမ်းနှင့် (၃၅)လမ်းကြားရှိ ပရိယတ္တိသာသနဟိတအသင်းကြီးတွင် သြဂုတ် ၂၉ရက် နံနက် ၉နာရီ မှ နေ့လည် ၁၂နာရီထိ ကျင်းပခဲ့ကြောင်း သိရသည်။

” ထိုင်ဝမ်မျိုးစေ့နဲ့ စိုက်ပျိုးထားတဲ့ ဖရဲသီးအလုံးကြီးပြိုင်ပွဲ ကျင်းပတာပါ၊ တောင်သူတွေကို နည်းပညာဖလှယ်နိုင်ဖို့၊ အေးစက်သွားတဲ့ ဈေးကွက် ပြန်ကောင်းလာအောင် တရုတ်ဈေးကွက် ထိုးဖောက်နိုင်စေဖို့၊ တရုတ်ဈေးကွက်မှ စားသုံးသူများတဲ့ ဖရဲသီးတွေ မြန်မာနိုင်ငံမှာ စိုက်ပျိုးနေပြီး တင်ပို့နိုင်ဖို့ လုပ်နေတာကို ကုန်သည်တွေ သိနိုင်ဖို့ အခုလို စီစဉ်ပေးတာပါ၊ ဒီဖရဲသီးတွေက သယ်ယူပို့ဆောင်ရာမှ ဒဏ်ခံနိုင်တယ်၊ အရသာကလဲ အချိုဓာတ်များတော့ စားသုံးသူအကြိုက်များတယ် ” ဟု ( Known You Seed Myanmar ) ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စိုက်ပျိုးသူတောင်သူအချင်းချင်း စိုက်ပျိုးနည်းပညာဖလှယ်နိုင်ခြင်း၊ စိုက်ကွင်းတွင်ကြုံတွေ့ ရသောအခက်အခဲများကို အချင်းချင်းဝိုင်းဝန်းကူညီဖြေရှင်းခြင်းမှရရှိလာသော ဗဟုသုတများ ဝေမျှပေးနိုင်ခြင်း၊ ပိုမိုကောင်းမွန်သောအရည်အသွေးမြင့် ဖရဲသီးများ ထွက်ရှိလာခြင်းနှင့်အတူ ဈေးကွက်ပြိုင်ဆိုင်မှကိုလည်းမြှင့်တင်ပေးနိုင်ရန်၊ နုံးယူစိ ကုမ္ပဏီ၏ ဥယျာဉ်ခြံသီးနှံမျိုးကွဲမျိုးသစ်များ မိတ်ဆက်ခြင်း နှင့် ဖရဲသီးဈေးကွက် ပိုမို ကြီးထွားဖွံဖြိုးလာစေရန် ရည်ရွယ်၍ ပထမအကြိမ် ကျင်းပခြင်းဖြစ်သည်။

” ဒီပွဲလာရောက်ယှဉ်ပြိုင်ရတာက တောင်သူအချင်းချင်း နည်းပညာဖလှယ်ခြင်းတာ နဲ့ နည်းပညာ မျှဝေခြင်းတာကြောင့် ဝင်ပြိုင်ဖြစ်တာပါ၊ ဖရဲသီးစိုက်ပျိုးလာတာ ၁၀နှစ်ကျော်ပါပြီး၊ ဖရဲစိုက်ဧက ၁၀ ဧက စိုက်ပျိုးပါတယ်၊ ဒီထိုင်ဝမ်မျိုးစေ့က အသီးအနေအထားကောင်းတယ်၊ ကုန်သည်ပွဲစားကြိုက်တော့ ရောင်းတာ အရှုံးမရှိပါဘူး ” ဟု နေပြည်တော် တပ်ကုန်းမှ ဖရဲသီးစိုက် တောင်သူ ဦးအောင်ကျော်ကျော်က ပြောသည်။

ဖရဲအလုံးကြီးမျိုးပြိုင်ပွဲတွင် ဖရဲသီး အလုံး (၆၇)လုံး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပညာရှင်ဒိုင်သူကြီး (၆)ဦးက စိစစ်ကာ အမှတ်ပေးခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ပထမဆုကို ကျပ်ငါးသိန်းကျပ် (တစ်ဆု)၊ ဒုတိယဆု ကျပ်သုံးသိန်း (နှစ်ဆု)၊ တတိယဆု ကျပ်နှစ်သိန်း (သုံြးဆု) ချီးမြှင့်ခဲ့သည်။

အဆိုပါ ဖရဲသီးပြိုင်ပွဲတွင် ( Known You Seed Myanmar ) ကုမ္ပဏီ၏ ဥယျာဉ်ခြံသီးနှံမျိုးကွဲမျိုးသစ်များကိုလည်း တောင်သူများအား မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.