မကွေးတိုင်းမှာ ဒုတိယမြောက် Covidပိုးတွေ့ရှိသူမှာ မလေးရှားပြန်ဖြစ်

မြန်မာနိုင်ငံအတွင်းသို့ ယခုရက်ပိုင်း မလေးရှားနိုင်ငံကနေ ပြန်ရောက်လာသူများထံက COVID-19 ရောဂါ တွေ့ရှိနေကြောင်း၊ မကွေးတိုင်းမှာ ဒုတိယမြောက်ပိုးတွေ့ရှိသူမှာ မလေးရှားကပြန်လာသူဖြစ်ကြောင်း ကျန်းမာရေးနှင့်အားစကားဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရပါတယ်။
မေလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ Covidဗိုင်းရပ်စ်တွေ့ရှိသူ ၃ ဦးသည် မလေးရှားပြန်များဖြစ်ကြောင်း၊ ယင်း ၃ ဦးတွင် မကွေးတိုင်း တောင်တွင်းကြီး မြို့! တောင်ပြင် ၂ ရပ်ကွက်မှ အသက်၅၀အရွယ်အမျိုးသား၁ ဦးပါဝင်ကြောင်း သိရပါတယ်။
အဆိုပါ အတည်ပြုလူနာ အပါအဝင် မလေးရှားနိုင်ငံမှ ပြည်တော်ပြန် (၁၂၀)ဦးသည် မေလ (၁၁)ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက မိမိတို့ဒေသတွင် ခေါ်ဆောင်၍ အသွားအလာကန့်သတ်ထားတယ်လို့ မကွေးတိုင်းကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ရန်ကုန်လေဆိပ်ကို သွားကြိုရတဲ့မလေးရှားပြန်ပါ၊ သူနေတဲ့နေရပ်က တောင်တွင်းကြီးမြို့နယ်ကပေါ့၊ မကွေးကိုတိုက်ရိုက်ခေါ်ထားတဲ့လူပါ၊ သူကတောင်တွင်းကြီးကနေမလေးရှားကိုအလုပ်သွားလုပ်တယ်၊ မလေးရှားကနေပြန်လာတာ၊ ရန်ကုန်လေဆိပ်ကိုသွားကြိုပြီးတော့ မကွေးပညာရေးကောလိပ်မှာစောင့်ကြည့် လူနာအဖြစ်ထားတာပါ၊ခ‌ဏနေရင်ခေါ်ပြီးတော့ မကွေးသင်ကြားရေးဆေးရုံကြီးကိုပို့မှာပါ၊ ပိုး‌တွေ့ပေမဲ့ဘာရောဂါလက္ခဏာမှမပြဘူး၊ အဲလိုတွေကြောင့် ကြောက်နေရတာပေါ့လို့ မကွေး တိုင်းကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသောင်းလှိုင်က ပြောပါတယ်။
ပထမမြောက် Covid-19ပိုးတွေ့လူနာမှာ မြို့သစ်မြို့မှ ထိုင်းပြန်တစ်ဦးဖြစ်ပြီး ပိုးတွေ့ပြီး နှစ်ကြိမ်ပြန်စစ်ရာ နှစ်ကြိမ်လုံး Negative အဖြေထွက်ခဲ့သည့်အတွက် ရောဂါကင်းသူအဖြစ် ဇာတိနေရပ်တွင် ကျန်းမာစွာ နေထိုင်လျက်ရှိကြောင်း သိရပါတယ်။
မေလ ၁၇ ၊ ၁၈ ၊ ၁၉ ရက်များအတွင်း မလေးရှားမှ ပြန်လာသူများထဲက ၈ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၁ ဦးရှိကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်


 

Leave a Reply

Your email address will not be published.