ဘီစကစ်နဲ့ သရက်သီး


(တောင်ရောက်၊ မြောက်ရောက် ဘယ်မှမရောက်သူ့ အတွေး)

အသက်ကြီးလာတော့ နေ့စဉ်အချိန်ဇယားထဲ မြေးတွေမြစ်တွေအတွက်ပါ ပိုထဲ့တွက်တွေးရတယ်။
ကိုယ့်အတွက် မနက်စာကို ထမင်းကြမ်းနဲ့ အကြော်တစ်ခု၊ နှစ်ခုနဲ့ စားတဲ့အခါစား။ ဒါမှမဟုတ် စားတော်ပဲပြုတ်နဲ့ စားတဲ့အခါစား ဖြစ်တယ်။ ထမင်းကြမ်းကို ဆီမပါ၊ ဆားမပါ အကြော်နဲ့တင် အလွတ်စားတာ အတော် ရင်အေးတယ်။ စားတော်ပဲပြုတ်နဲ့ဆို ဆီ၊ ဆား၊ ကြက်သွန်နီတို့ ထပ်ပြီး အပိုဆာဒါး လိုဦးမယ်။
ကိုယ်တိုင် သိပ်မစားပေမယ့် ဘီစကစ်ဖြစ်ဖြစ်၊ အချိုခဲလေးဖြစ်ဖြစ် ဆောင်ထားရတယ်။ ဘီစကစ်က အဘွားတို့၊ အမေတို့ရှိတုန်းက သူတို့သွားရည်စာလို၊ အဆာပြေစာလို နေ့လည်တို့ မနက်တို့မှာ မြုံ့နေတတ်တဲ့ အစာပေါ့။
မနက်စောစော မြေးက အဘိုး ဘီကစစ်(ဘီစကစ်ကို မြေးက ဘီကစစ်တဲ့၊ ပြင်ပေးလည်း မရသေးဘူး။ အသက်ကြီးလည်း၊ နိုင်ငံခြားရောက်လည်း မကွေးသားတွေ ဘီစကွတ်လို့ အပြော ပြင်မရသလို မျိုးတော့ မဟုတ်သေးဘူး)ဆိုတော့ တစ်ခု ထုတ်ပေးလိုက်တယ်။
ငယ်ငယ်က နေ့လည်နေ့ခင်းဆာလို့ အဘိုးဆီ လက်ဖြန့်ရင် ခါးပုံစထဲက ထန်းညက်(လျက်) တစ်ခဲ၊ နှစ်ခဲထုတ်ပေးတာ၊ သံပုံးထဲက ပဲ‌ကြီးလှော် တစ်ဆုပ်ထုပ်ကျွေးတယ်။ အဘိုးစားဖို့ထက် မြေးတွေ ဘိုက်ဆာရင် ကျွေးရအောင် ဆောင်ထားတာပါ့လားလို့ တွေးမိတယ်။
ကလေးတွေရဲ့ အနာဂါတ်အတွက် ကြိုပြင်ဆင် လုပ်ဆောင်ပေးရမယ်ဆိုတာတွေ ဘာညာတွေက ကြီးကျယ်ပါတယ်။ ကိုယ်တွေလို အညတြတွေ လက်လှမ်းဝေးပြီး စကားလုံးကြီးပါတယ်။ အနားကပ် လက်တလှမ်းလောက်ပဲပေါ့။
အသက်ကြီးလာတာရော၊ နှလုံးမကောင်းတာရောကြောင့် ဖြစ်မယ်။ ကြေကွဲစရာ မြင်ကွင်းတွေ၊ အသံတွေ တွေ့ရရင် နှလုံးအောင့်ပြီး မျက်ရည်တွေ စို့လာတယ်။
ဒီမနက် ပဲပြုတ်သွားဝယ်တာ တရာဘိုး မရတော့ဘူးတဲ့၊ ဈေးတွေတက်လို့ နှစ်ရာဘိုး အနည်းဆုံး ယူမှ ရောင်းနိုင်တယ်တဲ့။ တစ်ရာဘိုးရောင်းတုန်းကလည်း နည်းနည်းလာတာ လက်တစ်ဆုပ်သာသာပဲ ရခဲ့တာ။ မိန်းမကြီးတယောက်က တစ်ရာတန် ပေးဝယ်တာ မရောင်းတော့ ပြန်‌ယူပြီး လှည့်ပြန်သွားရတယ်။
ကိုယ်တွေ ငြိမ်းငြိမ်းချမ်းချမ်းရှိသလိုလိုနဲ့ ဒေသတောင် ကြပ်နေတာ မငြိမ်းချမ်းတဲ့ဒေသတွေက အဘိုးတွေရဲ့ ခါးပိုက်ထောင်ထဲမှာ မြေးတွေ ကျွေးဖို့ ထန်းညက်တစ်ဆုပ်က ခက်ခဲနေမှာ။ မီးကြွမ်းနေတဲ့ ပဲကြီးလှော်နံ့တွေ မြင်လာတယ်။
တဆက်တည်း ငယ်ငယ်က အမြဲဥပမာပေး ကြားခဲ့ရတဲ့ သရက်ပင်ရယ်၊ အဘိုးအိုရယ်၊ မင်းသားလေးရယ် ဇာတ်ကြောင်းလည်း ခုရက်ပိုင်းတွေးမိတယ်။
ကိုယ်စားဖို့ မမီပေမယ့် အနာဂါတ်အတွက် ချိုတဲ့အပင်တွေစိုက်သင့်တဲ့ပုံပြင်ကို အဘွားအိမ်ရှေ့ ခြံထဲ သရက်သီး လာကောက်တဲ့ ကလေးတွေပေါ်ထားတဲ့ အဘွားရဲ့ စေတနာစကားနဲ့အတူ အမြဲပြန်ကြားမိတယ်။
အဘွားစကားက သူတို့အဘိုးအဘွားတွေက မလိမ္မာတော့၊ မစိုက်ခဲ့တော့ သူများခြံကအသီးလိုက်ကောက်စားရတာ၊ စားကြပါစေတဲ့။
ကြံကြံဖန်ဖန်စဉ်းစားရင်တော့ အခုကာလ သူများနိုင်ငံသွားလုပ်ကိုင်စားရတာ ကိုယ်တွေလို နိုင်ငံသားကြီးအဆက်ဆက်တွေက နိုင်ငံတော်သရက်ပင်မစိုက်ခဲ့လို့ပဲပေါ့။
အသိတရားရပြီး နှောင်းမှစိုက်တဲ့ အပင်ပေါက်ကို ဖျက်လို့ ဖျက်ဆီးလုပ်သူတွေရှိနေသမျှ၊ သူများခြံက အကြွေသီးကို မျက်နှာငယ်နဲ့ ကောက်စားနေကြရဦးမှာ မြင်မိတယ်။
သူတို့ အဘိုးအဘွားတွေ မလိမ္မာခဲ့ကြလို့ပေါ့လို့ နိုင်ငံနဲ့ချည်ပြီး အပြောအဆက်ဆက်ခံတာ ကြုံနေရဦးမယ်။

မြေးက ဘီစကစ်တစ်ထုပ်နဲ့ မတင်းတိမ်ပဲ ချောကလက် ထပ်တောင်း‌တာ သကြားလုံးပဲ ကျွေးနိုင်တယ်။

ဇော်မင်းဇော်မင်းဇော်မင်း

Leave a Reply

Your email address will not be published.