ဗီယက်နမ်မှ ဝယ်ယူမှုကြောင့် ကြက်သွန်နီလက်ကားဈေးကွက် မြင့်တက်ခဲ့ပြီး ဈေးကျသွားဖွယ်မရှိနိုင်ဟုဆို

ရွှေမန်း

မြန်မာ့ကြက်သွန်နီကို ပြီးခဲ့သည့် ဇွန်လဒုတိယပတ်တွင် ဗီယက်နမ်မှ ၁၆၀၀ ကျပ်မှ ၁၇၀၀ ထိဈေးပိုပေး၍ ဝယ် ယူတင်ပို့မှုကြောင့် ဈေးနုန်းမြင့်တက်ခဲ့ရာ ဈေးကျနိုင်ဖွယ်မရှိဘဲ လက်ကားဈေးကွက်၌ တစ်ပိဿာ ၂၀၀၀ ကျပ် အောက်တွင် ရှိနေနိုင်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနံစိုက်ပျိုးထုတ်လုပ် သူများအသင်းမှ သိရသည်။

ကြက်သွန်နီစိုက် တောင်သူနှင့် ကုန်သည်များ အရှုံုးပေါ်ခဲ့သည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်၍ ရာသီချိန်အစောပိုင်းက တစ်ပိဿာ ကျပ် ၄၀၀ ဝန်းကျင်ရရှိခဲ့ပြီး ကြက်သွန်အထွက်နည်းသဖြင့် လှောင်လက်အချို့ဝယ်ယူမှုကြောင့် မေလလယ်မှစ၍ ဈေးလှုပ်ခဲ့သည်ဟုဆိုသည်။
“ဈေးတက်ဝယ်မယ့် သဘောမျိုးတွေ ဖေ့ဘုတ်မှာ အရိပ်အရောင် ပြောသွားတာက ပျံ့နှံ့သွားပြီး နယ်ဘက်မှာ အနည်းဆုံး ၇၀၀ ကျပ်ကနေ ၁၅၀၀ လောက်ထိ ဖြစ်သွားတယ်။ ပြည်တွင်းမှာ အရမ်းဈေးကျသွားဖို့ မရှိနိုင်သလို တစ်ပိဿာ ၂၀၀၀ ကျပ် ဝန်းကျင်ရှိနေမယ်။ဗီယက်နမ်က ဝယ်မှုကြောင့် ကြက်သွန်နီးဈေး တက်မယ်မှန်းထား ချိန်ထက် စောစော ဈေးတက်သွားတယ်။လက်ရှိမှာလှောင်ထားသူတွေက ရန်ကုန်ဘုရင့်နောင် ဈေးကွက်ကို ထိန်းပြီးတင်ပို့နေလို့ ဒီဈေးပတ်ချာလည်မှာပဲ ရှိနေမယ်လို့ ခန့်မှန်းပါတယ်”ဟုယင်းအသင်းမှ ဥက္ကဌ ဦးခင်ဟန် ကပြောသည်။

ပြည်တွင်းကြက်သွန်များသည် ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုများခြင်း၊ယခင်နှစ်များက ကြက်သွန်စိုက် တောင်သူများ ထိုက်သင့်သော ဈေးမရရှိခြင်းတို့ကြောင့် ကြက်သွန်စိုက်ဧက နည်းခြင်းတို့ကြောင့် ကုန်ပစ္စည်း အထွက်နုန်းလျော့နည်းကြောင်း၊ Normal Trade နှင့် Border Trade ဖြင့် ပြည်ပတင်ပို့မှုတွင် ယခင်ကထက် များစွာလျော့နည်းကြောင်းသိရသည်။
“ ပြည်ပတင်ပို့မှု အားကောင်းရင် ဒီထက်ပို ဈေးမြင့်နိုင်တယ်။တင်ပို့မှုက Normal Trade /Border Trade နည်းတယ်။Border Trade ဖြစ်တဲ့ တရုတ်တို့ ဘင်္ဂလားဒေ့ရှ်တို့က ဝယ်ဖို့ မဖြစ်နိုင်လို့ ဈေးသိပ် မကောင်းနိုင် တော့ဘူး။ဘုရင့်နောင်ဈေးကွက်မှာ ဇွန် ၂၁ ရက်က ကြက်သွန်နီကား ၁၃ စီးဝင်တယ်။ အနိမ့်ဆုံး ၁၂၀၀ ကျပ် ဈေးနဲ့ ၁၇၀၀ကျပ်ဝန်းကျင်၊ရှယ်က ၁၉၀၀ ကျပ်ပေါက်ဈေးရှိတယ်”ဟု ကုန်သည်တစ်ဦးကပြော သည်။
ပြည်တွင်း၌ ကြက်သွန်နီကို မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြိး၊စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် စိုက်ပျိုးကြပြီး ထွက်ရှိသော နယ်အထိုင် လက်ကားပေါက်ဈေးမှာ ကြက်သွန်နီအမျိုးအစားအလိုက် တစ်ပိဿာ ၈၀၀-၉၀၀ ကျပ်မှ ၁၅၀၀ ရှိပြီး ရှယ်ကြက်သွန်နီမှာ ၁၇၀၀ ကျပ် ဝန်းကျင်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.