ပြောင်းပြန်လှန်ခြင်းအနုပညာ

တင်လင်းဇော်

မကွေးဂျာနယ် အယ်ဒီတာချုပ်က On line အတွက် Covid 19 ဆိုင်ရာ စာမူရေးပေးဖို့ မေတ္တာရပ်ခံလာပါသည်။ ဆီးချို ဝေဒနာ နှစ်ရှည်ခံစား နေရသူ တစ်ယောက် အနေဖြင့်Covid19လှိုင်းကြီး၃ခုကိုဘယ်လိုဖြတ်ကျော်ခဲ့သည်။ဘယ်လိုအနေအထိုင်၊အစားအသောက် ဆင်ခြင်နေထိုင်ခဲ့သည်။ ကြောက်ရွံ့မှုကို ဘယ်လို ကျော်ဖြတ် ရင်ဆိုင်ခဲ့သည်တို့ကို အမှတ်တရ စာစုလေးရေးပါ အုံးဟု ပြောလာပါသည်။
ကျွန်တော်က ၂၀၀၆ ခုနှစ်မှစ၍ ဆီးချို ဝေဒနာ ရှိနေမှန်းသိခဲ့ရပါသည်။ ဆီးချို သက်တမ်းပင် ၁၅ နှစ်ကျော်ခဲ့ပါပြီ။ စ,ဖြစ်ပြီဆိုကတည်းက ဆေးစား,ဆေးသောက်လုပ်နေခဲ့ရတာ ကာလတွေ ကြာခဲ့ပါပြီ။ဆီးချိုဆိုင်ရာစာအုပ်တွေထွက်တိုင်းဝယ်ဖတ်ရတာလည်းဆရာဝန်တစ်ယောက်လောက်
်နီးနီး ဆေးဝေါဟာရတွေနှင့် နီးစပ်ခဲ့ပါသည်။ ဆီးချို ရောဂါက ဆရာဝန်အမျိုးမျိုး မပြောင်းနှင့် ဟု ကြားဖူးသဖြင့် နာမည်ကျော် အထွေထွေ ရောဂါကု သမားတော် တစ်ဦးတည်းဖြင့် ၁၅ နှစ်လုံးလုံး ကုသ နေခဲ့ပါသည်။
Covid 19 ကို ကျွန်တော်မကြောက်ပါ ။ ကျွန်တော် ကြောက်တာ ဆီးချိုပါ။ ဆီးချိုကိုအဆိုပါ သမားတော်နှင့် ပြသကုသခံယူခဲ့ပါသည်။ လုံးဝပျောက်ကင်းမသွားပါ။ သမားတော် ညွှန်ကြားသည့် စားဆေးတွေ စားပါသည်။ သမားတော် ရှောင်ခိုင်းသည့် အစားအချို့တော့မရှောင်ဖြစ်ပါ။ သို့ကြောင့်ပဲထင်ပါသည်။ ဆီးချိုက တန်းခံနေပါသည်။ ရှင်းရှင်းမပျောက်သွားပါ။ သည်လိုပုံနှင့် Covid 19 ကာလ သို့ရောက်လာပါသည်။ အတော်ဆိုးသည့် Covid 19 ပဲ။ ဆီးချိုဝေဒနာရှင်တွေ၊ အသက် ၆၀ ကျော်တွေ က ရောဂါဖြစ်ဖို့ ပိုနီးစပ်သတဲ့။ နဂိုကမှ ဆီးချို ကိုကြောက်နေရသည့်အထဲ ကြောက်တဲ့သူ စ,စားမယ် ဆိုတာမျိုး ဖြစ်လာတော့ပိုဆိုးပါသည်။ အစားအစာ ရှောင်ရုံသာမက အသွားအလာပါ ရှောင်ရပါသည်။ ကိုယ်နှင့် ခင်ရာမင်ရာတွေ၊ ဇာတိရွာက ဆွေမျိုးတွေ ၁၀ ယောက် ၁၅ ယောက် ရုတ်တရက် သေဆုံးကုန်ကြသည်။ အဘိုးအဘွားတွေ၊ ဦးကြီးသားချင်းတွေ၊ သူငယ်ချင်းတွေ Covid 19 နောက် ပါကုန်ကြသည်။ဘုန်းတော်ကြီးတွေလည်း ပျံလွန်တော်မူကုန်သည်။
နိုင်ငံတော်က ပံ့ပိုးမှုတွေ ပေးပါသည်။ ကျွန်တော်တို့လည်း တတ်နိုင်သမျှ ရွာကို လှူကြပါသည်။ Mask တွေ၊ ဆန်၊ဆီ၊ကုလားပဲ၊ ကြက်သွန်နီစတာတွေလှူကြပါသည်။ ခက်တာက ရွာက လူတွေက လိုက်နာရမည့်အရာတွေကို မလိုက်နာချင်ကြပါ။ Mask မတပ်ကြပါ။ လူစုလူဝေးတွေလုပ်ကြတုန်းဖြစ်သည်။ မင်္ဂလာဆောင်တွေ ၊အလှူတွေ ယခင်လိုပင် ပုံမှန်အတိုင်း လုပ် နေကြသည်။ ဒုတိယလှိုင်း ၊တတိယလှိုင်းတွေ က အတော်ကြမ်းပါသည်။ ရန်ကုန်မှာ မီးသင်္ဂြိုလ် မည့် စက်တွေ တိုးချဲ့ဆောက်လုပ်ရသည်။ မြို့တိုင်းမှာ နေ့တိုင်း သေဆုံးသူတွေ ရှိနေသည်။ ငါ့အလှည့်ဘယ်နေ့လဲ ဟု တထိတ်ထိတ်နှင့်စောင့်နေရသည်။ အပြင်ကိုမထွက်ရဲသလောက်ဖြစ် သည်။ ပင်စင် စားဆိုတော့ ပင်စင်ထုတ်ရက်ကလေးလောက်ပဲ မြို့ထဲထွက်ရသည်။ သည်လိုနှင့် Covid 19 ကာလ ကို ကျော်ဖြတ်နိုင်လာပါသည်။ ဘယ်လိုနေထိုင်ပါသလဲဆိုလျှင် ရိုးရိုးလေးပါပဲ။ သူတို့ညွှန်ကြားသည့်အတိုင်း တစ်သွေမတိမ်းလိုက်နာရုံပဲရှိပါသည်။ ဆေးမြီးတိုတွေ မလုပ်ပါ။ လူချင်း အနည်းဆုံး ၆ ပေခွာနေပါသည်။ နှာခေါင်းစည်း Mask တပ်ပါသည်။လက်ကို အကြိမ်ကြိမ် ဆေးပါသည်။ မလိုအပ်ဘဲ အပြင်မထွက် ပါ။ လူစုလူဝေးရှောင်ပါသည်။ သည်အတိုင်းသာ နေထိုင်ခဲ့ပါသည်။ လက်ဖက်ရည် ဆိုင် မသွားတော့ပါ။ အာဟာရ မျှတအောင်စားပါသည်။ သည်လိုပုံဖြင့် Covid 19 ကို ကျော်ဖြတ်ခဲ့ပါသည်။ ကောင်းတာက ယနေ့ကာလအထိ အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ် သည့်အလေ့အကျင့်ကောင်းလေးကို ပိုင်ဆိုင်သွားခဲ့ပါသည်။ အပြင်မှာ ဆိုင်ကယ်ကို ဦးထုပ်မဆောင်းဘဲ စီးသူ၊ နှာခေါင်းစည်း မတပ်သူတွေကို မြင်လျှင် အတော် စိတ်မကောင်းဖြစ်ပါသည်။ သည်လောက် လွယ်သည့် စည်းကမ်းလေးလောက်မှ မလိုက်နာနိုင်ဘဲနှင့် ဘယ်လိုလုပ်ပြီး ဒီမိုကရေစီ နိုင်ငံတော်ကြီးကိုတည်ဆောက်နိုင်မလဲဟု ကြီးကြီးကျယ်ကျယ် တွေးတောမိလာပါသည်။
ကျွန်တော်နှင့်ဆီးချိုအကြောင်း ပြောချင်ပါသေးသည်။ ဆီးချိုသည် နာတာရှည် ရောဂါပေါင်းစုံတို့၏ ရှေ့တော်ပြေး ရောဂါဟုပြောကြပါသည် ။ ဆီးချိုဖြစ်သူ မှာ အသည်းအဆီဖုံး ရောဂါ၊ ကြောက်ကပ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတို့မှအစ ကင်ဆာအထိ နောက်ဆက်တွဲ နာတာရှည် ရောဂါတွေဖြစ်နိုင်သည်ဟု ဆိုပါသည်။ ထိုရောဂါဆိုးက ကျွန်တော့်မှာ စွဲကပ်နေတာ ၁၅ နှစ်ကျော်ပါပြီ။ အဆင့် ၂ အမျိုးအစားဟုသိရပါသည်။ အဆင့် ၁ ဆိုလျှင် အင်ဆူလင် လုံးဝမထွက်တော့သဖြင့် ကိုယ်တိုင် အင်ဆူလင် ဆေးထိုးနေရသည်ဟုသိရပါသည်။ ကျွန်တော်က အဆင့် ၂ ရောဂါဖြစ်သဖြင့် ကိုယ်တိုင်ဆေးထိုးရသည်အထိ မလိုပါ။ စားဆေးစားရုံဖြင့် ရောဂါကိုထိန်းထားနိုင်ပါသည်။
ကျွန်တော့်အသက်မှာ ၆၅ နှစ်ပါ။ ကိုယ်အလေးချိန် ၁၄၅ ပေါင်။ အရပ်အမြင့် ၅ ပေ ၁၀ လက်မ။ ဆီးချိုသက်တမ်း ၁၅ နှစ်၊ သွေးပေါင်ချိန်မှာ ၁၂၀/၈၀ အတွင်းရှိပါသည်။ ၂၀၀၆ ဖေဖော်ဝါရီ လက ဆီးချိုရှိမှန်းသိသဖြင့် မကွေးမြို့က သမားတော်ကြီးတစ်ဦးထံ ပြသကာ ကုသမှုခံယူပါသည်။ ထိုနေ့က မှတ်တမ်းအရ B.P 140/ 90,HR 84, RBS 276 ဟုတွေ့ပါသည်။ မနက်စာစားပြီး တွေ့ရသော အချက်များဖြစ်ပါသည်။ ၂၀၂၀ ဒီဇင်ဘာအထိ ထိုသမားတော်နှင့် ၁၄ နှစ်တိတိကုသပါ သည်။ ဆီးချိုအမှတ်တွေက ၂၀၀ နှင့် ၃၀၀ ကြားမှာရှိနေပါသည်။ ဆီးချိုသွေးဖောက်စစ်တာက ဆရာဝန်နှင့် ၁ ကြိမ်တွေ့မှ ၁ ခါသာစစ်ရာ ခိုင်လုံနိုင်မှု၊ ကိုးစားနိုင်မှု မရှိပါ။
ကျွန်တော် နှင့် ပြသနေကျ သမားတော်ကြီးက ဆေးကုသမှုကို လုံးဝရပ်နားလိုက်သောအခါ ကျွန်တော့်မှာ ထိုသမားတော်နှင့်နောက်ဆုံးပြသစဉ်က ညွှန်ကြားထားသော ဆေးများကိုသာ ဝယ်ယူ စားသောက်နေပါသည်။ ဆီးချိုလည်းမတိုင်းပါ။ ပရမ်းပတာ ဖြစ်နေပါသည်။ ထိုအချိန်မှာ ထိုးဆေး၊စားဆေးတွေဖြုတ်ကာ ဘဝနေထိုင်စားသောက်နည်း ပြုပြင်ရုံဖြင့် ဆီးချိုရောဂါကို ပျောက်ကင်းသည်အထိ မဟုတ်စေကာမူ ပြောင်းပြန်လှန် နိုင်မည်ဟူသော စာကို fb မှာတွေ့သဖြင့် စိတ်ဝင်စားကာ ထို ဆရာဝန်နှင့်ဆက်သွယ်ပါသည်။ သူက on line ကသင်တန်းပို့ချ အကူအညီပေးနေတာ ၂၁ ရက်သင်တန်း ၉ ကြိမ်ပြီးသွားခဲ့ပါပြီတဲ့။ သို့ဖြင့် သင်တန်းအမှတ်စဉ် ၁၀ မှာ ကျွန်တော်လည်း စာရင်းပေးသွင်းပြီး ထိုဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်နာနေထိုင်ခဲ့ပါသည်။ မှတ်မှတ်ရရ ၂၀၂၂ ဇန်နဝါရီ ၁ ရက်မှ ၂၁ ရက်အထိ ဖြစ်ပါသည်။
သင်တန်း စ, တက်သည့်နေ့က မနက်စာမစားမီ ဆီးချိုတိုင်းတော့ ၂၆၄ ၊ နေ့လယ်စာစားပြီး ၂ နာရီမှာ ဆီးချိုတိုင်းတော့ ၃၃၉ ရှိပါသည်။ ယခင်သမားတော် ပေးထားသည့် ဆေးတွေလည်း ၅ မျိုးကို ၈ ကြိမ်ခွဲသောက်နေရပါသည်။ On line ဒေါက်တာက ဘဝနေထိုင်နည်းကိုအဓိက အပြောင်းအလဲလုပ်ပေးပါသည်။ ဆရာနှင့် နေ့စဉ် လိုင်းပေါ်မှာတွေ့ဆုံဆွေးနွေးဖြစ်ပါသည်။ ယခင် နှင့် ကွာခြားချက်က ဆရာဝန်နှင့် အသေးစိပ် ရောဂါအကြောင်း ဆွေးနွေးဖြစ်ကြပါသည်။ ညတိုင်း Zoom Meeting ရှိပါသည်။ ဒေါက်တာက မနက် ၉နာရီလောက်မှာ ဗီဒီယိုဖြင့် ပို့ချပါသည်။ ညမှာ ဝိုင်းဖွဲ့ဆွေးနွေးပါသည်။ ကျွန်တော်နားလည်သလိုပြောရလျှင် ဒေါက်တာက အဆီလျှော့ဖို့၊ အစားအသောက် စနစ်ကျဖို့ သည်၂ မျိုးကိုအဓိက ထားပြောပါသည်။ အဆီကျဖို့အတွက် မနက် စော မှာ ၁ နာရီကြာ လေ့ကျင့်ခန်းလုပ်ရပါသည်။ ဆရာက လေ့ကျင့်ခန်းလုပ်ပြထားသည့် ဗီဒီယိုကိုကြည့်ကာ ဆရာနှင့်အတူလုပ်ရပါသည်။ ပြီးမှ မနက်စာကို အသီးအရွက်သာ စားရပါသည်။ နေ့လယ်စာကိုတော့ ဆန်လုံးညိုထမင်းနှင့် အသီးအရွက် ဟင်းများများစားရပါသည်။ ဆန်လုံးညိုထမင်းက တရုတ်တူပန်းကန် တစ်ဝက်စာလောက်သာရှိပါသည်။ ညစာလည်း အသီးအရွက်ပဲစားရပါသည်။ ထမင်းက တစ်နေ့လုံးမှတစ်ကြိမ်သာ တရုတ်တူပန်းကန်တစ်လုံးသာ စားရပါသည်။
On Line, Dr နှင့် ရက် ၂၀ ခန့် လေ့ကျင့်ပြီးသောအခါ ၂၀-၁-၂-၂၂ မှာ မနက်စာမစားမီ ၁၁၃ နှင့် နေ့လယ်စာ စားပြီး ၂ နာရီမှာ၁၄၇ သာရှိလာပါသည်။ ဆီးချိုနှင့်ပတ်သက်၍ အကာနှင့်အနှစ်ကို ခွဲခြားသိခဲ့ပါသည်။ မိမိကိုယ်တိုင် မလိုက်နာ၊မကျင့်သုံးခြင်းကြောင့် ဆီးချိုပမာဏကို မထိန်းနိုင်ခြင်းဖြစ်ပါသည်။ ယခုတော့ On Line , Dr ၏ လမ်းညွှန်ချက်နှင့်အညီ ကျင့်ကြံနေထိုင်ရင်း ဆီးချိုဘဝနေထိုင်နည်းကို လိုက်နာလုပ်ဆောင် နေပါသည်။ ယနေ့ ၂၀၂၂ ဇူလိုင်အထိဆိုလျှင် Life Style ပြောင်းလဲနေထိုင်သက်တမ်း ၆ လပြည့်ခဲ့ပါပြီ။ မနက်တိုင်း လေ့ကျင့်ခန်း ၁ နာရီလုပ်၊ တစ်နေ့မှ ထမင်း၁ နပ်သာစား၊ ကျန် ၂ နပ်ကိုအသီးအရွက်သာစား နေထိုင်ခြင်းဖြစ်ပါသည်။ ကျွန်တော့်မနက်စာ မှာ ၆လလုံးလုံး ဂေါ်ဖီရွက်စိမ်း၊ ခရမ်းချဉ်သီး ၁ လုံး၊ မြေပဲဆန် အစိမ်း လက်တစ်ဆုပ်၊ ပန်းသီး(ငှက်ပျောသီး၊သရက်သီး၊ )တစ်လုံး သာ စားနေပါသည်။ နေ့လယ်စာက,တော့ ဆန်လုံးညိုထမင်း(တူပန်းကန် ၁)၊ အသီးစုံအရွက်စုံ ဟင်းတစ်ခွက်၊ ခရမ်းချဉ်သီး ဆီမပါ ဟင်း(တစ်ခါတစ်ရံ အမဲသား ၂ဖတ်ခန့်ပါ) တစ်ခွက်၊ ပဲသီးသုပ် စသည်တစ်ခွက်၊ ညစာကတော့ ပဲခြမ်း/ပဲလုံးကို ကြက်သွန်နီ၊ခရမ်းချဉ်သီး၊ ဂေါ်ဖီ စသည်ဖြင့် ဆီ(အလွန်နည်းစွာ)၊ အချိုမှုန့်လုံးဝမပါ သုပ် ဖြင့်စားသည်။ ၁၆/၈ စနစ်ဖြင့် သွားနေသဖြင့် မနက် ၇နာရီမနက်စာစား၊မနက် ၁၀ခွဲမှ ၁၂ အတွင်း နေ့လယ်စာစား၊ ညနေ ၃ခွဲမှ ၄ နာရီ အတွင်း ညစာစားပြီး တစ်ညလုံးဘာမှမစားဘဲနေပါသည်။ သည်လို Life Style နေထိုင်လာတာ ၆ လကျော်ပြီဖြစ်ပါသည်။ စားဆေး ၅ မျိုး ၈ ကြိမ်သောက်နေရာမှ စားဆေး၂ မျိုးကို ၃ကြိမ်သာ သောက်ရပါတော့သည်။ Metformin Denk 500 ကိုမနက်စာစားပြီး ၁၊ညစာစားပြီး ၁ နှင့် Sitaglit 100 ကို နေ့လယ်စာမစားမီ ၁ သာ သောက်ရပါတော့သည်။Blood Tests သွေးစစ်ဆေးမှုမှတ်တမ်းကတော့ ဇန်နဝါရီ ၉ ရက်ကတစ်ကြိမ်၊ ဧပြီ ၁၂ ရက်က တစ်ကြိမ် စစ်ခဲ့ပါသည်။ နာမည်ကြီး HbA1c က 11.8 အထိ ရှိနေပါသည်။ ၃ လအကြာ ထပ်မံစစ်သောအခါ 7.2 သာရှိပါသည်။ယခု ဇူလိုင်မှာ တတိယအကြိမ်စစ်ဆေးပါမည်။ 4.5 – 6.0 အတွင်းသို့ ပုံသေရောက်မည်ဟု ယုံကြည်နေပါသည်။ ဒေါက်တာ ပြောခဲ့သည့်အတိုင်း Life Style ပြောင်းလဲ လိုက်ခြင်းဖြင့် ဆီးချိုကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီဖြစ်ပါသည်။
၂၀၂၂ မတ်လ ၃၁ ရက်(သင်တန်းကာလ ၃လကြာ)တပေါင်းလကွယ်နေ့(ဥပုသ်နေ့) ဖြစ်သဖြင့် ထမင်း ဟင်းလုံးဝမစား၊ အသီးအရွက်သာ စားပါသည်။ ထိုနေ့က မှတ်တမ်းလေးကို ဖော် ပြလိုပါသည်။မနက်စာမစားမီ ဆီးချို 80 ရှိပါသည်။ မနက်စာ ဂေါ်ဖီရွက်၊ ထောပတ်သီး တစ်ခြမ်း၊ ခရမ်းချဉ်သီး ၁လုံး၊ ပန်းသီး ၁ လုံး၊ မြေပဲဆန် လက်တစ်ဆု်ပ စားပါသည်။ နေ့လယ်စာ (ထမင်းမစား)ဂေါ်ဖီရွက် ၊ ထောပတ်သီး ၁ခြမ်း၊ ခရမ်းချဉ်သီး ၁ လုံး၊ မာလကာသီး ၁လုံး၊ ကုလားပဲ ပြုတ် တို့ဖြင့်စားပါသည်။ နေ့လယ်စာစားပြီး ၂ နာရီဆီးချိုတိုင်းတော့ 98 သာရှိပါသည်။ ညစာကို ညနေ ၃ နာရီခွဲမှာ စားပါသည်။ ဂေါ်ဖီရွက်၊ ထောပတ်သီး တစ်ခြမ်း၊ ငှက်ပျောသီး ၂ လုံး၊ ပန်းသီး၁လုံး၊ ကုလားပဲပြုတ်တို့စားပါသည်။ သည်အစားအစာများက မိမိ စိတ်ကူးရရာစားခြင်းဖြစ်ပါသည်။ ဒေါက်တာ့ထံတစ်နေ့ ၃ ကြိမ် ဓာတ်ပုံရိုက်ပို့ရပါသည်။
ဆီးချိုဘဝနေထိုင်နည်းသည် Covid 19 ထက် နေထိုင်ရ ပိုခက်ပါသည်။ ဆီးချိုမှ ပြောင်းပြန် လှန်နိုင်ပြီဆိုလျှင် ကျန်သည့် နာတာရှည်တွေလည်း ကြိုတင်ကာကွယ်ပြီးဖြစ်မည်ဟုယုံကြည်ပါ သည်။

Leave a Reply

Your email address will not be published.