ပြည်တွင်း ဆီစာသုံးမှု ပုံစံပြောင်းလဲလာတာနှင့် အတူ မြေပဲဆံ အ၀ယ်သွက်လာပြီး အသစ်၀င်နှမ်းနက်များ အရည်အသွေးအလိုက် စျေးကောင်းပေး၀ယ်နေ ၊လက်ကျန်နည်းလာသည့် ပဲတီစိမ်း ၊မတ်ပဲ စျေးဆက်လက်မြင့်တက်လာ

ရွှေမန်း

ပြည်တွင်း ဆီစာသုံးမှု ပုံစံပြောင်းလဲလာတာနှင့် အတူ မြေပဲဆံ အ၀ယ်သွက်လာပြီး အသစ်၀င်နှမ်းနက်များ အရည်အသွေးအလိုက် စျေးကောင်းပေး၀ယ်နေ ၊လက်ကျန်နည်းလာသည့် ပဲတီစိမ်း၊မတ်ပဲ စျေးဆက် လက်မြင့်တက်လာ ကြောင်း သိရသည်။

ပြည်ပ မှ တင်သွင်းနေသည့် စားအုန်းဆီစျေး တစ်ပိသာကျပ် ၄၀၀၀ ကျော် မြင့်တက်လာပြီး ပြည်တွင်း ပဲဆီစျေးနှုန်း မှ ကျပ် ၆၀၀၀ ၀န်းကျင်ရှိသဖြင့် မြေပဲဆီကို ပြောင်းလဲ စားသုံးများလာတာ ကြောင့် ပြည်တွင်း ဆီစက်များလည်ပတ်အား ကောင်းလာသလို မြေပဲဆံ ၊ဆီဆံ မျိုးစုံ စျေးကွက် အတွင်း အ၀ယ်ပြန်သွက်လာသည်။ သို့သော်လည်း တရုတ်နိုင်ငံသို့ တင်ပို့ရန် ပမာဏများများ အ၀ယ်မရှိသေးကြောင်း ပြည်တွင်းပေါက်စျေးဖြင့် အရောင်းအ၀ယ်ကောင်းလာခြင်းဖြစ်သည်။ နှမ်းနက် အသစ်များ စတင်၀င်ရောက်လာသော်လည်း အက်စစ်လွှတ် နှမ်းအရည်အသွေးကောင်းနှမ်း အ၀င်နည်းနေပြီး လက်ကျန်နည်းလာသည့် ပဲတီစိမ်း မှာ စျေးဆက်လက် မြင့်တက် လာကြောင်း ရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင် ကပြောသည်။“မြေပဲဆံတွေက တော့ အရောင်းအ၀ယ်ကတော့လက်ရှိပေါက်စျေး အတိုင်းအရောင်းအ၀ယ်ဖြစ်ပေမယ့် တရုတ်လိုင်းအတွက် ပမာဏများများအ၀ယ် မရှိသေးဘူး ။ ဆီစက် တွေက ပဲဆီရောင်းအားကောင်းလာတော့ မြေပဲစျေးက ပေါက်စျေးအတိုင်း အပယ်သွက်လာပါတယ်။ ပဲဆီအရောင်းသွက်လာသလို ပဲဖက်စျေးကလည်း စျေးကောင်းလာတော့ ဆီစက်တွေ ပြန်လည်ပတ်အားကောင်းလာပါတယ်။ နှမ်းနက်အသစ်တွေကတော့ စတင်၀င်ရောက်လာ ပေမယ့် အက်စစ်လွှတ်အရည်အသွေးကောင်းရင် တစ်အိတ်ကျပ် ၂၁၀၀၀၀ ထိ ပေး၀ယ်နေပါတယ်။ အက်စစ်မလွတ်ရင် တစ်အိတ်ကျပ် ၈၀၀၀၀ လျော့နည်း လောက်ကွာခြားမှု ရှိနေပါတယ်။ င်္ဒီအချိန်ကတော့ ကုန်သည်တွေ နှမ်း၀ယ်စုချိန်ဖြစ်လို့ အရည်အသွေးလိုက် ၀ယ်လိုအား ကောင်းပါတယ်။ ပဲတီစိမ်းကတော့ ပြည်တွင်းလက်ကျန်လည်း နည်းလာတော့ ရန်ကုန်၀ယ်လက်တွေ အ၀ယ် လိုက်နေတော့ စျေးတက်လာပါတယ်။ပဲစင်းငုံပုံမှန်အရောင်းအ၀ယ်ရှိနေပေမယ့် ဒေါ်လာစျေးနဲ့ အတူ အပြောင်းအလဲ မြန်ဆန်နေပါတယ်။မတ်ပဲစျေးကတော့ ယခင်ပိတ်ထက် တစ်အိတ်ကျပ် ၁၀၀၀၀ ထိစျေးတက်လာတယ်။” ဟု ၄င်းကပြောသည်။

မြေပဲ

ပြည်တွင်းမှာ စားအုန်ဆီနှုန်း မြင့်တက်လာမှုကြောင့် ဆီစားသုံးမှု ပြောင်းလဲလာ တာကြောင့် ယခင်က တရုတ်နိုငံ သို့ တင်ပို့သည့် မြေပဲလုံးဆံများ မှာ ပြည်တွင်း ဆီစက်များ ၊ဒေသအလိုက် ဆီစက်ငယ်များပါ မြေပဲဆီ ကြိတ်ထုတ် လုပ်လာကာ မြေပဲဆီ ရောင်းအား မြင့်တက်လာခဲ့သည်။ ထိုသို့ ဆီစက်များ လည်ပတ်အား ကောင်းလာတာ ကြောင့် မြေပဲ လုံးဆံ တစ်ပိသာ ကျပ် ၂၉၅၀ ၊ အနီလုံးဆံ တစ်ပိသာကျပ် ၂၇၀၀ ပေါက်စျေးမြင့် အရောင်းအ၀ယ် သွက်နေသည်။ပြည်တွင်း မြေပဲဆီ တစ်ပိသာ ကျပ် ၅၅၀၀-၆၀၀၀ ၊ နေကြာဆီ တစ်ပိသာ ကျပ် ၆၀၀၀-၆၅၀၀ ၊ စားအုန်ဆီ တစ်ပိသာ ကျပ် ၄၁၄၀ ပေါက်စျေးရှိကြောင်း မန္တလေးကုန်စည်ဒိုင် မှသိရသည်။

နှမ်းနက် ၊ပဲတီစိမ်း

အောင်လံ ၊မကွေး မှ နှမ်းနက်များ အသစ်၀င်ရောက်လာပြီး ကုန်သည်များ ၀ယ်ယူစုဆောင်းချိန်ဖြစ်တာ ကြောင့် အ၀င်ရှိသလောက် အ၀ယ်သွက်နေသည်။ ယခုနှစ် အသစ်၀င်ရောက်လာသည့် နှမ်းနက် တော်တော်များများမှာ အက်စစ်မလွတ်တာ များတာကြောင့် အရည်အသွေးကျဆင်းမှုများရှိနေကြောင်း ၊ အရည်အသွေးကောင်းထိပ်စ နှမ်းနက်တစ်အိတ် ကျပ် ၂၁၀၀၀၀ ထိပေါက်စျေးရှိသော်လည်း အက်စစ်မလွှတ်လျှင် ကျပ် ၁၂၀၀၀၀ ၊၁၃၀၀၀၀ ခန့်သာ ပေါက် စျေးရှိသည်။ တရုတ်နိုင်ငံသို့တင်ပို့ရန် အ၀ယ်မရှိသေးသော်လည်း လက်ကျန်နည်းလာသည့် ပဲတီစိမ်းမှာ အိန္ဒိယ ပို့ကုန် အတွက် ရန်ကုန် အ၀ယ်လိုက်နေသဖြင့် ယခင် သီတင်းပတ်ထက် သုံးတင်း၀င် တစ်အိတ်လျှင် ကျပ် ၅၀၀၀ မှ ကျပ် ၇၀၀၀ စျေး မြင့်တက်လာပြီး စက်တင်ဘာ ၂ရက်နေ့တွင် တစ်အိတ်ကျပ် ၁၂၂၀၀၀ ထိ စျေးမြင့်တက်လာကြောင်း ပဲ၊နှမ်း ကုန်သည် ဦးဌေး အောင် ကပြောသည်။

ပဲစင်းငုံ ၊မတ်ပဲ

အိန္ဒိယ ပို့ကုန် ပဲစဉ်းငုံ ၊မတ်ပဲမှာ ဒေါ်လာစျေး ကျဆင်းမှု မရှိတာနှင့် အတူ စျေးနှုန်း အတက်အကျ မတည်ငြိမ် ပြောင်းလဲ မှု မြန်ဆန်နေသည်။ စက်တင်ဘာ တတိယ သီးတင်းပတ် ၂၃ ရက်နေ့မှာ သုံးတင်း၀င် အိတ် တစ်အိတ်လျှင် ကျပ် ၁၃၆၀၀၀ ကျော် ထိဆက်လက်မြင့်တက်နေသည်။ မတ်ပဲစျေးမှာ ယခင် သီတင်းပတ်ထက်ကျပ် ကျပ် ၁၀၀၀၀ ခန့်သိသိသာသာစျေးတက်လာပြီးသုံးတင်း၀င် တစ်အိတ်လျှင် ကျပ် ၁၅၈၀၀၀ ပေါက် စျေးဖြစ်သွားကြောင်းသိရသည်။ပဲစျေးကွက်အတွင်း ပြည်ပစားတော်ပဲ (ကနေဒါ) တစ်အိတ်ကျပ် ၁၇၈၀၀၀ ကျော် အမြင့်စျေးဖြင့် အနည်းငယ်၀င်ရောက်လာတော့ ပြည်တွင်းသုံးကုလားပဲအုပ်စု များ စျေးတန့်နေသည်။ဆက်လက် အ၀င်များလာရင်တော့ စျေးပြန်ကျဆင်းလာနိုင်ကြောင်းနှင့် ပြည်တွင်း ကုလားပဲ စက်တင်ဘာ ၂၃ ရက်နေ့ တွင် ဗွီးတူးကုလားပဲ တစ်အိတ် ကျပ် ၁၃၁၀၀၀၊ နိုင်းတူးနိုင်းကုလားပဲ တစ်အိတ်ကျပ် ၁၂၂၀၀၀ ၊ထိုင်၀မ်ကုလားပဲ တစ်အိတ် ကျပ် ၁၁၈၀၀၀ အသီးသီးပေါက်စျေးရှိကြောင်း မန္တလေးကုန်စည်ဒိုင် မှ ထုတ်ပြန်ထားကြောင်း သိရသည်။စက်တင်ဘာ လကုန်ပိုင်း ပြည်တွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု လျော့ကျလာတာနှင့် အတူ နယ်ကုန်များ အ၀င် ကောင်းလာတာကြောင့် ပဲ၊နှမ်းကုန်စည်ဒိုင်တွင် အရောင်းအ၀ယ် ပြန်လည်စည်ကားလာကြောင်း သိရသည်။

Leave a Reply

Your email address will not be published.