ပြည်တွင်းဆန်ဈေးကွက်တည်ငြိမ်နေပြီး လက်ရှိထက် ဈေးကျရန် အလားအလာနည်း

ရွှေမန်း

ဆန်ဈေးကွက်တွင် ပြည်တွင်းစားသုံးသည့် ဆန်ဟောင်းများမှာ အမြင့်ဈေးတန်းတွင် တည်ငြိမ်နေပြီး အရောင်း အဝယ်ထိုင်းလျက်ရှိရာ လာမည့် လများ၌ ဆန်သစ်ပေါ်သော်လည်း ဆန်ဟောင်း ဈေးကျရန် အလားအလာ နည်းပါးသည်ဟု ဆန် ကုန်သည် ဦးပိန်းကြိုင်က သုံးသပ်ပြောကြားသည်။

လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ဆန်ဈေးကွက်တွင် ဆန်ဟောင်းများ အရောင်းအဝယ်ပြန်သွက် လာ နိုင်ပြီး ဈေးတန်းမြင့်တက်လျင်လည်း အနည်းငယ်သာမြင့်တက်နိုင်သည်ဟုဆိုသည်။

“ဆန်ဈေးက အမြင့်ဈေးမှာ နေတယ်။ရှေ့ပိုင်းမှာဝယ်ထားတာတွေ ရှိလို့ပါ။ဆန်အသစ်ပေါ်လာတဲ့ဈေးကြောင့် ဆန်ဟောင်းကမကျနိုင်ဘူး။အဟောင်းကလည်း ၉ လနဲ့ ၁၀ လပိုင်းဆိုကုန်ပြီ။ ဆန် ဟောင်းရောင်းကောင်းမယ်။ ဈေးတက်ရင်လည်း ပါးပါးပဲဖြစ်နိုင်တယ်။ ဆန်သစ်ဈေးကထောက်ထားလို့ ဈေး တက်ဖို့အခြေအနေ နည်းပါ တယ်”ဟု ၎င်းကပြောသည်။

ကမ္ဘာ့ဆန်ဈေးကွက်သို့ ၄၀ ရာနုန်းခန့် တင်ပို့သည့် အိန္ဒိယနိုင်ငံသည် ၎င်းတို့နိုင်ငံ၏ စားသုံးမှုဖူလှုံရန် ဆန် ဆန်ကွဲပြည်ပတင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဆန်ဝယ်ယူမှုမှာ မြန်မာနိုင်ငံဘက်သို့ ရောက်ရှိလာမည်ဖြစ်၍ ဝယ်လိုအားကောင်းလာမည်ဖြစ်ကြောင်း၊Export တင်ပို့သော ဆန်များမှာ ပြည်တွင်း စားသုံးမှုဆန်ဈေးကွက် ပေါ် သက်ရောက်မှုနည်းပါးကာ ဖူလုံမှုရှိသောကြောင့် Export ဈေးကောင်းရပါက တောင်သူများအတွက် အဆင်ပြေမည်ဖြစ်ကြောင်းသိရသည်။

“တရုတ်က အိန္ဒိယကနေ ဆန်အများကြီးဝယ်တယ်။အိန္ဒိယက မရောင်းတော့ရင် မြန်မာဘက်ကနေပိုပြီး ဝယ် လာနိုင်သလို ဗီယက်နမ်၊ထိုင်းဘက်ကနေ ဝယ်ရတော့မယ်။ ဗီယက်နမ်နှင့် ထိုင်းကလည်း ပြည်ပတင်ပို့မှု ဆန် ဈေးနုန်းမြှင့်ဖို့ ဆွေးနွေးနေတယ်ဆိုတော့ ကမ္ဘာ့ဆန်ဈေးကွက်မြင့်တက်လာနိုင်တယ်”ဟု ဆက်လက်ပြောကြား သည်။

ပြည်တွင်း၌ ယခုနှစ်တွင် ဆန်အထွက်နုန်း လျော့နည်းနိုင်ပြီး ကမ္ဘာ့ဆန်ဝယ်လိုအားများလာခြင်းကြောင့် ဆန် ဈေးကွက်တွင် အကျဘက်ထက် လက်ရှိ အမြင့်ဈေးတန်းအတိုင်းသာ ရှိနိုင်ပြီး ဈေးတက်လာလျင်လည်း အနည်းငယ်သာ ဖြစ်နိုင်သည်ဟုဆိုသည်။

Leave a Reply

Your email address will not be published.