ဆန်သစ်များ ဈေးကွက်သို့ ရောက်ရှိလာပြီး ယမန်နှစ်က မိုးစပါး ဆန်ဟောင်းများ ဈေးငြိမ်နေ

ရွှေမန်း

ပြည်တွင်း၌ မိုးစပါးနှင့် နွေစပါးဟူ၍ စိုက်ပျိုးထုတ်လုပ်ရာတွင် ယခုနှစ် မိုးရာသီစပါးများမှ ဆန်သစ်များမှာ ဈေး ကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်၍ ပြီးခဲ့သည့်နှစ်က မိုးစပါးဆန်အဟောင်းများမှာ ဈေးအမာတန်းတွင် တည်ငြိမ်နေကြောင်း ဆန်ကုန်သည် အချို့ထံမှ သိရသည်။

ပြည်တွင်းလက်ကျန်ဆန်နည်းပါးသည်ဆိုသော ကောလဟလ သတင်းများ ထွက်ပေါ်ခဲ့ရာ ဇူလိုင်နှင့် သြဂုတ်လ ဆန်းပိုင်းက ဆန်ဈေးမြင့်တက်ခဲ့ပြီးနောက် ဈေးမာဘက်တွင် တည်ငြိမ်နေသည်ဟုဆိုသည်။

“မိုးသုခစပါးဟောင်းက ဈေးအမာတန်းမှာရှိနေပြီး နယ်စုံဆန်ဆိုင်ဝယ်လက်တွေက သုခဆန်ရှယ်စ တစ်အိတ် ကို ကျပ် ၄၀၀၀၀-၄၂၀၀၀ ၀န်းကျင်နဲ့ဝယ်ထားကြတယ်။လှောင်လက်တွေက ဆန်ဈေးအမြင့်နဲ့ ၀ယ်ထားရလို့ ထိန်းရောင်းကြတော့မယ်။ဆန်အဟောင်းရောင်းရမယ့် ကာလကလည်း ကျန်နေသေးတယ်”ဟု ဆန်ကုန်သည် ကိုကြိုင်ကပြောသည်။

ပြည်တွင်းဆန်လက်ကျန်မှာ သြဂုတ်လအတွင်းထိ ဆန်တန်ချိန်ပေါင်း ၃ ဒဿမ ၆၃၅ သန်းခန့်ရှိရာ စက်တင် ဘာမှ ဒီဇင်ဘာထိ ၄ လစာ ပြည်တွင်းစားသုံးမှုအတွက် လိုအပ်သော ဆန်တန်ချိန်ပေါင်း ၃ ဒဿမ ၁၃၄ သန်း ဖြစ်၍ လုံလောက်မှုရှိကြောင်း၊မကြာမီ ယခုနှစ် မိုးရာသီစိုက်ပျိုးသည့် မိုးစပါးထွက်ပေါ်လာတော့ မည်ဖြစ်ရာ ပုံမှန်အတိုင်း ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်းစီးပွားကူးသန်းထုတ်ပြန်ချက်အရသိရသည်။

“ပြည်တွင်းစားသုံးမှုမှာ ပြီးခဲ့တဲ့နှစ်က မိုးစပါးဆန်ဟောင်းကို ဒီဇင်ဘာလကုန်လောက်ထိ စားသုံးလေ့ရှိတယ်။ လှောင်လက်တွေကလည်း ဈေးအမြင့်ပိုင်းနဲ့ဝယ်ထားတော့ ဈေးကျမယ့် အခြေအနေတွေကြောင့် လုံလောက် အောင် သိုလှောင်တာမရှိဘူး။နောက်ပိုင်းမှာ ဆန်ဈေးကွက်ကျဆင်းနိုင်တယ်”ဆက်လက်ပြောကြားသည်။

ဆန်ကြမ်းစပါးသစ်ပေါ်ထွက်ချိန်၌ မိုးများစွာရွာသွန်းနေသောကြောင့်စပါးသစ်မှ ဆန်ထွက်ပစ္စည်းများ ထွက်ရှိ မှုနည်းသွားနိုင်ပြီး ဆန်ကြမ်းဈေးကွက်ကို မထိခိုက်နိုင်ကြောင်း၊လက်ရှိ ဈေးကွက်တွင် ဆန်တစ်အိတ် လက္ကား ဈေးနုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေး ၉၀၀၀၀ ကျပ်ဝန်းကျင်၊ပုသိမ်ပေါ်ဆန်း ၆၀၀၀၀ကျပ်ဝန်းကျင်၊ပေါ်ဆန်း ထူး ရှယ် ၆၈၀၀၀ ကျပ်ဝန်းကျင်ရှိသော်လည်း ဒေသအလိုက် ဈေးနုန်းများကွာခြားကြောင်းသိရသည်။

Leave a Reply

Your email address will not be published.