ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ

ကိုဗစ်တတိယလှိုင်းက လူတိုင်းအပေါ် ရိုက်ခတ်လို့လာပါပြီ။ ကိုယ့်ကိုယ်ကိုယ် ပိုအားကိုး ကာကွယ်ရမယ်ဆိုတာမှာ ကိုယ့်မိသားစုနဲ့ ကိုယ်နိုင်လောက်တဲ့ဝန်းကျင်ကိုပါ ကူညီတဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုမျိုးနဲ့ ရုန်းကန်ကျော်ဖြတ်ရမယ့် အချိန်ဖြစ်ပါတယ်။

ကိုယ်ရဲ့အဆုတ်က အရေးကြီးဆုံးဖြစ်လို့ ပါတ်ဝန်းကျင်သန့်ရှင်းဖို့ အရင်ဦးဆုံး လုပ်ထားရမယ်လို့ ကိုဗစ်လူနာတွေ အောက်ဆီဂျင်ရဖို့ကူညီရေးတွေလုပ်ခဲ့တဲ့ မိတ်ဆွေတယောက်က အကြံပေးပါတယ်။ ရောဂါသည်းထန်ချိန်မှာ လုံလောက်တဲ့အောက်ဆီဂျင်နဲ့ အသက်ဆက်ဖို့၊ ကြိုးစားဖို့ လိုအပ်ပါတယ်။ ခက်ခဲတာတွေ စုပြုံနေချိန်မှာ လေ၀င်လေထွက်ကောင်းတဲ့၊ သန့်စင်တဲ့အောက်ဆီဂျင်ကို ကိုယ့်ပါတ်ဝန်းကျင်က အလွယ်တကူရနိုင်တဲ့ အနေအထားဖြစ်အောင်လုပ်ထားတာကလည်း အတတ်နိုင်ဆုံးပြင်ဆင်ထားတဲ့ ကိုယ့်ကိုယ်ကိုယ်အားကိုးတဲ့အထဲက အချက်တစ်ချက်ဆိုရင် မမှားပါဘူး။

“တတိယလှိုင်းကတော့ မေလ ၂၅ရက်နေ့ကစပြီး ဖြစ်တာပဲဖြစ်ပါတယ်။ မေလ ၂၇ရက်နေ့မှာဆိုရင် ၉၆ယောက်တွေ့တယ်။ နောက်ပိုင်းမှာ ရောဂါတွေ့ရှိသူ (၁၀)ရာခိုင်နှုန်းဝန်းကျင်အထက် ဖြစ်သွားတယ်။ မနေ့ကဆို ပိုးတွေ့တဲ့သူအများဆုံးပေါ့။ ရာခိုင်နှုန်းအားဖြင့်ဆို (၂၈)ရာခိုင်နှုန်းတွေ့တယ်”ဟု ဒေါက်တာခင်ခင်ကြီး (ညွှန်ကြားရေးမှူး၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)က MPA သတင်းဌာနနဲ့ ဇူလိုင် ၇ရက်နေ့က ဆက်သွယ်မေးမြန်းထားချက်မှာ ဖြေကြားထားပါတယ်။

Covit-19ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်တဲ့( ၈)ရက်ဇူလိုင် ၂၀၂၁ခုနှစ် ည၈နာရီ သတင်းထုတ်ပြန်ချက်မှာ covet-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၅၁)ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူပေါင်း (၃၆၂၁)ဦးရှိပါသည်ဟု ၀န်ကြီးဌာနအနေနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

မကွေးမြို့နယ်အနေနဲ့  ဇူလိုင် ၈ရက်နေ့က ၂၉ဦး၊ ဇူလိုင် ၇ရက်နေ့က ၁၁၇ဦး၊ ဇူလိုင် ၆ရက်နေ့က ၄၂ဦးလို့ ပရဟိတအသင်းတချို့ရဲ့ လူမှုကွန်ရက်တွေမှာဖော်ပြတဲ့ပိုးတွေ့လူနာစာရင်းများအရ သိရပါတယ်။ တဖြည်းဖြည်းနဲ့ ပိုးတွေ့လူနာဖြစ်တဲ့ ရပ်ကွက်တွေများများလာနေတယ်။ရပ်ကွက်အလိုက်တင်မက လမ်းအလိုက်တွေ့ရတာတွေပါများလာနေတယ်။ ကျေးရွာတွေအထိ ပိုပျံ့နှံ့လာနေတယ်။

ပိုးတွေ့လူနာတွေများလာသလို ရှိတဲ့အင်အားနဲ့ အဖက်ဖက်က ရုန်းနေရတဲ့ ပရဟိတအသင်းတွေရဲ့ အသံတွေကိုလည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖတ်လာရပါတယ်။ ပရဟိတ ယာဉ်မောင်း ၅ဦး အမြန် လိုအပ်နေပါသည်။ PPE ၀တ်နိုင်ရပါမယ်။ အချိန်ပြည့် အချိန်ပေးနိုင်ရပါမယ်။ ဘယ်လိုမှ ကျွန်တော်တို့ လူ မလောက်တော့ပါ။ လူအင်အား အတော်လေး လိုအပ်နေပါတယ်။ မိုးလင်းတာနဲ့ လူနာသယ်လမ်းကြောင်း/ အောက်ဆီဂျင်အိုးပို့ လမ်းကြောင်းများ အလွန်များလာတာကြောင့် အသင်း လူအင်အား အမြန်လိုအပ်နေပါတယ်။ မကွေးမြို့ခံ ပရဟိတစိတ်ရှိသူ အချိန်ပေးနိုင်သူများ အမြန်ဆက်သွယ်ပါဟု ရေးတင် ထားတာကို တွေ့ရတယ်။

“လိုအပ်နေတာကတော့ မြို့တိုင်းဖြစ်နိုင်ပါတယ်။ တစ်နိုင်ငံလုံး လိုအပ်နေမှာ ဖြစ်တယ်။  ပိုလိုအပ်တဲ့နေရာတွေဆီလည်း ရောက်နေတာလည်းဖြစ်နိုင်ပါတယ်”ဟု ယခင်ပရဟိတလုပ်ခဲ့သူတစ်ဦးက ဆိုပါတယ်။။

ကိုဗစ် ဒုတိယလှိုင်းရိုက်ခတ်စဉ်က မကွေးတိုင်းဒေသကြီးတိုင်းကျန်းမာရေးဦးစီးဌာနမှ နေ့စဉ်အချိန်နဲ့ တပြေးညီ ကိုဗစ်သတင်းများ၊ ပြည်သူသို့အသိပေးတင်ပြလိုတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို ဖော်ပြတဲ့ လူမှုကွန်ရက်စာမျက်နှာကို ယခုအချိန်တွင်လည်း ပြန်လည်အသက်ဝင်စေလိုကြောင်း ပြောဆိုလာတာတွေလည်းရှိနေပါတယ်။ သတင်းအချက်အလက်တွေ စီးဆင်းနေဖို့လိုတယ်လို့ ပြောနေကြပေမယ့် ပုံမှန်မစီးဆင်နိုင်တဲ့အခါ လူထုကြားထဲတွင် အမှန်သိဖို့် ခက်တယ်ဟု သတင်းသမားတစ်ဦးက ပြောပါတယ်။

Mask တပ်ပါ။ လက်ဆေးပါ။ အနည်းဆုံး တစ်ဦးနဲ့တစ်ဦး ခြောက်ပေကွာနေပါ။ အပြင်မထွက်ပါနဲ့ ဆိုတဲ့ အချက်တွေကတော့ နေစဉ်ကြားနေရတယ်။ လိုက်နာကြသူတွေလည်းရှိတယ်။ လိုက်နာလိုက်၊ မလိုက်နာလိုက် လုပ်နေသူတွေလည်း အများကြီးရှိနေတယ်ဟု လူအများကြားဝေဖန်မှုတွေရှိလာတယ်။

အဖက်ဖက်က လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ကာလတွင် ဆေးမီးတိုများက ရောဂါ သက်သာစေမှာ မဟုတ်ပါ။

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တင်းကူးစက်တာတွေ များလာတဲ့နောက်မှာ မကွေးမြို့ပေါ်ရှိ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စနစ်နဲ့ ရောင်းခွင့်မပြုတော့ပဲ  ပါဆယ်စနစ်နဲ့ပဲရောင်းခွင့် ပြုတယ်လို့ ဇူလိုင် ၃ရက်နေ့မှာ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က အကြောင်းကြားစာထုတ်ခဲ့ပါတယ်။

တတိယလှိုင်းမှာ ကိုဗစ်နိုင်တင်းရဲ့ ပျံ့နှံ့တာက များလာတဲ့အတွက် Stay at Home(နေအိမ်တွင်နေထိုင်ရေး) အမိန့်ထုတ်လိုက်တဲ့ မြို့နယ်ပေါင်းက ဇူလိုင် ၇ရက်နေ့ အထိဆို တနိုင်ငံလုံးမှာ  မြို့နယ်ပေါင်း ၄၅မြို့နယ် ရှိသွားပြီ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ မကွေးတိုင်းဒေသကြီးက ဂန်ဂေါမြို့နယ် ပါပါတယ်။

ဇူလိုင် ၈ရက်နေ့မှာ တစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတွေကို ၉-၇-၂၀၂၁ ကနေ ၂၃-၇-၂၀၂၁ ထိယာယီပိတ်ထားမယ်လို့ Covit 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးးဗဟိုကော်မတီက အသိပေးပန်ကြားချက်ထုတ်ပါတယ်။

ကိုဗစ်တတိယလှိုင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက အချိန်နဲ့ အမျှ။ ရောဂါလိုပဲ ကိုယ်ကိုယ်ကိုယ် ကာကွယ်ပါပဲ ပေါ

Leave a Reply

Your email address will not be published.