လူထု ကျန်းမာရေး မူဝါဒကို ကျနော် အနည်း အကျဉ်း လေ့လာဖူးပါတယ်။ ဆေးပညာသမားတွေ အဖို့ လူထု ကျန်းမာရေး မူဝါဒကို သိဖို့ လိုအပ်လို့ လေ့လာ ဖြစ်တာပါ။အရင်က ဆေးပညာ ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝ ဖြစ်စဉ်ကို လေ့လာတာလို့ပဲ နားလည်ကြပါတယ်။ လူတယောက် ဖျားနာ၊ နာမကျန်း ဖြစ်ရင် ခန္ဓာကိုယ် ဇီဝ ဖြစ်စဉ်မှာ ဘာဖြစ်လို့လဲ ဆိုတာပဲ အဖြေရှာကြတာပါ။နောက်ပိုင်းမှာ လူတယောက် သို့မဟုတ် လူ့တစုရဲ့ ကျန်းမာရေးကို ပတ်ဝန်းကျင်ကလည်း လွှမ်းမိုးတယ် ဆိုတာ သဘောပေါက် လာကြပါတယ်။ ဥပမာ- အပူပိုင်း ဒေသမှာသာ ဖြစ်တတ်တဲ့ ရောဂါမျိုးတွေ ရှိပါတယ်။နောက်ထပ် ပိုကျယ်ပြန့်လာတာက လူတယောက်ရဲ့ ကျန်းမာရေးကို အဲဒီလူရဲ့ အသက်မွေးမှုနဲ့ လူမှု အဆင့်အတန်းကလည်း လွှမ်းမိုးနိုင်တယ် ဆိုတာ သုတေသီတွေ အဖြေထုတ်ပြလာကြပါတယ်။ ဥပမာ- ဟယ်လင်ကဲလာရဲ့ သုတေသန တခုမှာ ဆိုရင် မျက်မမြင် နားမကြား ရောဂါကို သူ့ခေတ်မှာ ဆင်းရဲသား ရပ်ကွက်တွေထဲမှာ အဖြစ်များကြောင်း သုတေသန ရလဒ်ကို ရေးဖူးပါတယ်။အဲသလိုပဲ ခုကိုဗစ်ခေတ်မှာလည်း လူထု ကျန်းမာရေးနဲ့ လူမှု စီးပွားရေးကို ဆက်စပ် လေ့လာသူတွေ လုပ်ထားတဲ့ သုတေသန ရလဒ်တွေကို ဖတ်ရပါတယ်။ အဲဒါကတော့ ကိုဗစ်ဖြစ်ပွားမှုဟာ ဆင်းရဲသား ရပ်ကွက်နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ နေထိုင်တဲ့ နေရာတွေမှာ အုံလိုက် ကျင်းလိုက် ပိုအဖြစ်များတယ် ဆိုတဲ့ အချက်ပါ။တနေ့လုပ်မှ တနေ့စား၊ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ သူတွေအဖို့ မိသားစုပေါ် ကျရောက်လာမယ့် ရောဂါ ဘေးထက် အငတ်ဘေးက ပိုအလျင်လိုနေရလို့ပါ။ဒါ့အပြင် ရန်ကုန်လို ရပ်ကွက်လေးတွေမှာ ရွှေ့ပြောင်း အလုပ် လာလုပ်သူတွေအဖို့ ကျောတပြား ချစရာ နေရာလေးကို ခက်ခက်ခဲခဲ ငှားနေရတာပါ။ အပြင် မထွက်ပဲ အိမ်တွင်း အောင်းရလည်း သူတို့ အဖို့ မထူးပါ။ တယောက်နဲ့ တယောက် ကျောချ အိပ်တာနဲ့ ပခုံးချင်း ထိနေရတဲ့ အနေအထားပါ။ဒီတော့၊ ရောဂါ ထိန်းချုပ်ရေးမှာ ရောဂါပိုး ပြန့်ပွားနည်း သပ်သပ်ကိုပဲ အခြေခံထားတဲ့ အိမ်တွင်း အောင်းပါ၊ လက်ဆေးပါ၊ Mask တပ်ပါ ဆိုတာ အလုပ် မဖြစ်တော့။ အိမ်တွင်း အောင်းခိုင်းပြီး တအိမ် တယောက်ထွက် ဈေးဝယ်ပါ ဆိုတာ ငွေကြေး ရှိသူအဖို့ မခက်လှပေမယ့် တနေ့လုပ် တနေ့စား ဆင်းရဲသား မိသားစုတွေ အဖို့ ပြက်လုံးမျှသာ ဖြစ်ပါတယ်။ဒီတော့ ကျန်းမာရေး မူဝါဒမှာ လူမှု စီးပွားရေးကို ထည့်သွင်းစဉ်းစားဖို့လည်း လိုပါတယ်။ လူတွေကို စည်းကမ်း ကြပ်မတ်တဲ့ မူဝါဒ ချထားရင် သူတို့ အသက်ရှင် နေထိုင်ရေး အတွက် ငါတို့ဘက်က ဘာကို ထောက်ကန် ပေးထားနိုင်မလဲ ဆိုတာ အမြဲတမ်း စဉ်းစားရပါတယ်။ ကြပ်ရုံနဲ့ မရပါ။ ထောက်ပံ့ရေး လိုပါတယ်။ဒီ-ဟာကွက်ကို အရပ်ဘက် စေတနာ့ အဖွဲ့အစည်းတွေက တတ်နိုင်သမျှ ဝင်ဖြည့်ပေမယ့် အကုန်လုံး မခြုံမိနိုင်ပါ။ ရေရှည်သဘောလည်း မလုပ်နိုင်ပါ။ မူရင်း စည်းကြပ်သူတွေဘက်က ဖြည့်ဆည်းပေးနိုင်မှသာ ချမှတ်ထားတဲ့ မူဝါဒလည်း အောင်မြင်မှာပါ။ဒါ့အပြင်၊ ကျန်းမာရေး လက်လှမ်းမီရေးနဲ့ ကိုဗစ် အပြင် တခြား ရောဂါသည်များ အတွက် အဆက် မပြတ် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး ဆိုတဲ့ အချက်တွေကိုလည်း ထည့်သွင်း စဉ်းစားရမှာပါ။လူထုကျန်းမာရေးပဲ ဖြစ်ဖြစ်၊ လူမှု စီးပွားရေးပဲ ဖြစ်ဖြစ် မူဝါဒ ချမှတ်သူတွေဟာ မူဝါဒ တခုကို အကောင်အထည် ဖော်ကြည့်ရာမှာ မအောင်မြင်ရင် မူဝါဒကို ပြန်လည် သုံးသပ်ရတာ ထုံးစံပါ။ လူတွေကိုက စည်းကမ်း မလိုက်နာလို့၊ စဉ်းစားဉာဏ် မရှိလို့ ဆိုတာမျိုး ဘယ်မူဝါဒ ရေးရာ ပညာရှင်မှ အဖြေထုတ် မပြရဲပါ။အဲသလို ဟခဲ့ရင်လည်း အဲဒီလူကမူဝါဒရေးရာ ပညာရှင် မဟုတ်တော့ပါ။ စေတနာဖြင့်

ဒေါက်တာဉာဏ်မိသားစု ဆေးခန်း၊

ကြာအင်းဆိပ်ကြီးမြို့။

Leave a Reply

Your email address will not be published.