မြေပဲဆန်စျေးကောင်းရရှိနေတာကြောင့် ဧရာဝတီမြစ်အတွင်းရှိကျွန်းစိုက်ခင်းများ တွင်မြေပဲတိုးချဲ့စိုက်ပျိုးလာ

ရွှေမန်း

ဧရာဝတီမြစ်အတွင်းရှိ ကျွန်းစိုက်ခင်းများတွင် မြေပဲအပါအဝင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးလေ့ရှိရာ ယခုစက်တင်ဘာလဆန်းပိုင်းမှာ ရေကျချိန်နှင့်အတူ မြေပြင်လုပ်ငန်းများကိုစတင်ကာ မြေပဲစိုက်ပျိုးရန် ပြင်ဆင် လျက်ရှိကြောင်း တောင်သူများထံက သိရသည်။

နှစ်စဉ်စက်တင်ဘာလ ရေကျချိန်တွင် မြေပြင်ကာ လလယ်ပိုင်းခန့်တွင် မြေပဲမျိုးချပြီး ဒီဇင်ဘာလကုန်တွင် မြေပဲနုတ်သိမ်းကြလေ့ရှိသည်။
ယခင်နှစ်က မြေပဲဆန်ဈေးစံချိန်တင်ဈေးကောင်းရရှိကြတာကြောင့် ယခုနှစ်တွင် မြေပဲစိုက်ပျိုးမှုကို မြေရှိသလောက် တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်နေကြောင်း၊ ယခုနှစ် စိုက်ပျိုးစရိတ်များကြီးမြင့်လာသဖြင့် မြေပဲတစ်ဧက စိုက်ပျိုးစရိတ် ကျပ် ၅ သိန်းမှ ကျပ် ၇သိန်းခန့် ကုန်ကျကြောင်းနှင့် အထွက်နှုန်းမှာ မြေပဲဆန် ပိဿာ ၂၀၀-၅၀၀ ထိထွက်ရှိကြောင်း ပုသိမ်ကြီးမြို့နယ် သံဘိုကျွန်းကျေးရွာမှာ ဦးခင်မောင်ရင် ကပြောသည်။

“နှစ်စဉ်က စက်တင်ဘာ၊အောက်တိုဘာ ရေကျတာနဲ့မြေပြင်ပြီး မန္တလေးဈေးကွက်ကို ရောင်းဖို့ ဟင်းသီးဟင်းရွက် တွေ အများဆုံးစိုက်ပျိုးတာပါ။ မနှစ်က မြေပဲဈေးကောင်းတော့ စိုက်ကျတာ ဈေးကောင်းမီလိုက်ကြတယ်။ ဒီနှစ်လည်း ဈေးကောင်းရနေတဲ့ မြေပဲကို တိုးချဲ့စိုက်ပျိုးဖို့ပြင်ဆင်နေပါတယ်။ကျွန်းမြေဖြစ်လို့ ဓါတ်မြေဩဇာမသုံးလဲ စိုက်ပျိုးလို့ရပါတယ်။မြေပဲဈေးကောင်းတော့ မျိုးမြေပဲဈေးကလည်း မြင့်တက်လာပါတယ်။ မနှစ်ကထက်ကို မျိုးမြေပဲ ဈေးက (၂)ဆ မြင့်တက်လာလို့ မျိုးဈေးက ပိသာ ၁၀၀ ကို ကျပ် ၇၀၀၀၀၀ ဈေးဖြစ်နေပါတယ်။
မျိုးဈေးကောင်းနေလို့တိုးစိုက်ပျိုးဖို့ ချိန်ဆနေရပါတယ်။ မြေပြင်စရိတ်ကလည်း ဆီဈေးမြင့်တက်နေလို့ တစ်ဧကတစ်ထပ်ပြင်စရိတ်ကိုကျပ် တစ်သိန်းနှစ်ထပ်ဆိုတော့ကျပ် နှစ်သိန်းကုန်ကျပါတယ်။ မျိုးဈေးနဲ့ နောက်ပိုင်း ပိုးသက်ဈေးဖျန်းစရိတ်ပေါင်းရင် ကျပ် ၇သိန်းနီးပါးကုန်ကျပါတယ်။ အထွက်နှုန်းကတော့ ကောင်းရင်ကောင်းသလို မြေပဲဆန်ပိဿာ ၅၀၀ ထိရသလို အထွက်မကောင်းရင်တော့ ပိဿာ ၂၀၀ ပဲရတာလည်းရှိပါတယ်”ဟု ၎င်းက ပြောသည်။

မြေနုကျွန်းများတွင် မြေပဲအပြင် ချဉ်ပေါင်၊ခရမ်း၊ကြက်ဟင်းခါး၊မုန်လာဥ၊နံနံ၊ဘူးသီး၊ကန်စွန်းဥ၊သခွားသီး၊ ငရုတ်၊ ကိုက်လန်၊မုံညှင်းဖြူများကို ဈေးကွက်လိုအပ်အရချိန်ဆစိုက်ပျိုးလေ့ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.