ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျော့ကျလာတာကြောင့် ပြည်တွင်း ပဲ နှမ်းစျေး စျေးကွက်တွင်ဆီထွက်သီးနှံများစျေးတက်

ရွှေမန်း

ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျော့ကျလာတာကြောင့် ပြည်တွင်း ပဲ နှမ်းစျေး စျေးကွက်တွင်ဆီထွက်သီးနှံများစျေးတက်လာကြောင်း ပဲနှမ်းကုန်သည်များထံ ကသိရသည်။

ပြည်တွင်းစျေးကွက်တွင် တစ်ပတ်အတွင်း ဆီထွက်သီးနှံစျေးမှာ သိသိသာသာ တက်သွား ရာ မြေပဲအနီလုံးဆန် တစ်ပိသာ ကျပ် ၅၄၀၀ ၊ ​မြေပဲဆီဆန် တစိပိသာ ၅၀၀၀ ခန့်ထိ မြင့်တက်လာကြောင်း သိရသည်။

“ဆီထွက်သီးနှံတွေ စျေးတက်သွားတယ်။ နှမ်းညို၊ နှမ်းဝါ၊ နှမ်းနီ၊ နှမ်းနက်နဲ့ မြေပဲလုံးဆန်၊ မြေပဲဆီဆန် စျေးတွေတက်သွားတာပါ။ နှမ်းတွေတစ်တင်းကို ကျပ်၄၀၀၀ နဲ့ ၅၀၀၀ လောက်အထိ တက်သွားတယ်။ မြေပဲလုံးဆန်နဲ့ ဆီဆန်တစ်ပိသာကျပ် ၅၀၀ လောက် တက်သွားတယ်” ဟု ပဲနှမ်းကုန်သည်တစ်ဦးကပြောသည်။

မြေပဲဆီဆန်နှင့် လုံးဆန်များ ယခုနှစ် ထွက်နှုန်းနည်းရာ အဝင်မရှိတော့သောကြောင့် စျေးတက်ရခြင်းဖြစ်ပြီး နှမ်းမျိုးစုံလည်း လက်ရှိတွင် အဝင်နည်းနေသည့်အတွက် နှမ်းဖြူသုံးတင်းဝင်တစ်အိတ် ကျပ် ၂၅၀၀၀၀ ပေါက်စျေးထိစျေးကွက်မြင့်နေခြင်းဖြစ်ကြောင်း သိရသည်။

မြေပဲဆန် စတင်ပေါ်သည့် ဧပြီလအချိန်က တစ်ပိသာ ကျပ် ၄၀၀၀ခန့် ရှိရာမှ သုံးလအတွင်း ကျပ် ၁၅၀၀ နီးပါးစံချိန်တင်မြင့်တက်လာခြင်းဖြစ်ပြီး လက်ကျန်ပစ္စည်းလည်းနည်းသွားပြီဖြစ်ကြောင်း ပဲကုန်များထံက သိရသည်။

Leave a Reply

Your email address will not be published.