ပြည်တွင်းစားသုံးမှု ဈေးကွက်တွင်သာမက နိုင်ငံခြားတင်ပို့သည့် ဆန်ဈေးကွက်တွင်ပါ ဈေးကောင်းရရှိလာသည့် GW-11 စပါးမျိုးကို တောင်သူများ စိုက်ပျိုးရန်စိတ်ဝင်စားလာ

ရွှေမန်း

ပြည်တွင်းစားသုံးမှု ဈေးကွက်တွင်သာမက နိုင်ငံခြားတင်ပို့သည့် ဆန်ဈေးကွက်တွင်ပါ ဈေးကောင်းရရှိလာသည့် GW-11 စပါးမျိုးကို တောင်သူများ စိုက်ပျိုးရန်စိတ်ဝင်စားလာ ကြောင်း စပါးစိုက်တောင်သူများထံမှသိရသည်။

GW-11 စပါးမျိုးမှာ နွေ၊မိုး နှစ်သီးလုံးစိုက်ပျိုးနိုင်သည့် စပါးမျိုးဖြစ်ပြီး အထွက်နှုန်း တင်း ၁၅၀ ကျော် ထွက်ရှိတာကြောင့် လက်ရှိကာလ စိုက်ပျိုးစရိတ်မြင့်မားချိန်တောင်သူများတွက်ခြေကိုက်သည့် အပြင် ပို့ကုန်တန်းမြင့်ဆန်ဈေးကွက်တွင် နာမည်ရ အဝယ်လိုက်လာသည့် တင်း၁၀၀ ကျပ် ၉သိန်းခွဲမှ ၁၀သိန်းခွဲကြားရရှိသည့်စပါးမျိုးဖြစ်လာတာကြောင့် စပါးစိုက် တောင်သူများ လာမည့် မိုးစပါးရာသီတွင် စိုက်ပျိုးရန် စိတ်ဝင်စားကြသဖြင့် မျိုးစပါးထုတ်လုပ်ဖြန့်ဖြူးသည့် မန္တလေးမြို့ ဂရိတ်ဝေါလ် ကုမ္ပဏီ၏ စိုက်ပျိုးရေး သုတေသနခြံ သို့ ပဲခူးတိုင်းဒေသကြီး ၊ရေတာရှည်ပြို့နယ်မှ တောင်သူများ ဇွန် ၂၅ ရက်နေ့က လာရောက်လေ့လာကြခြင်းဖြစ်ကြောင်း သိရသည်။

GW-11 အထွက်နှုန်းမြင့် မျိုးစပါးကို မကြာမီက နေပြည်တော် တွင် စံကွက်ရိတ်သိမ်းမှု အပြီး စိုက်ပျိုးရေးဦးစီးဌာန၏ ဝန်ကြီးဌာနက စပါးအထွက်နှုန်း တင်း ၁၄၀ ကျော်ထွက်ရှိကြောင်းနှင့် GW-11 စပါးမျိုးမှာ အပင် သက်တမ်း ၁၁၀ ရက် ကြာမြင့်သဖြင့်နွေစပါး၊မိုးစပါး နှစ်မျိုးလုံးစိုက်ပျိုးနိုင်သည်။အပင်ပေါက်ရာခိုင်နှုန်းမြင့်မားသလို ပင်ပွှားနှုန်းလည်းကောင်းမွန်တာကြောင့် တစ်ဧက အောင်နှံ ၁.၂၀၀.၀၀၀(ဆယ်နှစ်သိန်း)၊ အောင်စေ့ရာခိုင်နှုန်း ၈၅ရာခိုင်နှုန်းကျော် ဖြစ်တာကြောင့်တစ်ဧက အထွက်နှုန်း ၁၅၀-၁၆၀ ကျော်ထွက်ရှိကြောင်း တစ်ဧက စိုက်ပျိုးစရိတ် မှာ ရိတ်သိမ်းအထိ ကျပ် ၄၀၀၀၀၀ ကျော်သာ ဒေသစပါးမျိုးများနှင့် အတူတူကုန်ကျသော်လည်း စပါးတင်းပိုမိုထွက်ရှိခြင်း စပါးဈေး ကောင်း ရရှိခြင်းတို့ကြောင့် တစ်ဧက အကျိုးအမြတ် ငွေကျပ် ၄သိန်းခွဲခန့်ရရှိကြောင်း စနစ်တကျတွက်ချက်ပြီး နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး က စံကွက်ရိတ်သိမ်းမှု အပြီး ထုတ်ပြန်​ ​ထားကြောင်းသိရသည်။

GW-11မျိုးစပါးကို ၂၀၂၁ခုနှစ်တွင် ဧရာဝတီတိုင်းတွင် စတင်ဖြန့်ဖြူးစိုက်ပျိုးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပဲခူးတိုင်းအနောက်ပိုင်းတွင် စိုက်ပျိုးခဲ့ရာ တောင်သူများအနေဖြင့် GW-11 မျိုးစပါးပိုမိုရောင်းချပေးနိုင်ရန် တောင်းဆိုမှုများရှိလာတာကြောင်း ၊ယခုနှစ်တွင် GW—11 စပါးစိုက်ပျိုးဧက ၂သိန်း၅သောင်း အတွက် မျိုးစပါးရရှိရေးအတွက် နွေစပါး ၊မိုးစပါး နှစ်သီးစိုက်ပျိုးပြီးထုတ်လုပ်ပေးနေကြောင်း လာမည့် ၂၀၂၅ ခုနှစ်တွင် GW-11 စပါးမျိုး ဧက ၆သိန်း စိုက်ပျိုးနိုင်ရန် မျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခင်က နေပြည်တော်တွင် ဧက ၈၀၀ ၊ပဲခူးတိုင်းအုတ်တွင်း တွင် ဧက ၄၀၀ ကို နွေစပါး၊မိုးစပါး စိုက်ပျိုးပြီး မျိုးစပါးထုတ်လုပ်ခဲ့ရာ GW—11စပါးစိုက်ဧက ၁၂၀၀၀၀ အတွက်ဖြန့်ဖြူးနိုင်ခဲ့ကြောင်း ဂရိတ်ဝေါလ်ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်မောင် က ပြောသည်။

“၂၀၂၅ ခုနှစ်မှာ GW-11 စပါးမျိုး ဧက ခြောက်သိန်း ထိ စိုက်ပျိုးနိုင်အောင် မျိုးစပါးစိုက်တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒီစပါးမျိုးက အထွက်နှုန်းကောင်း စပါးမျိုးဖြစ်တော့ ယခုလို စက်သုံးဆီဈေးတွေကြီးမြင့်ချိန် သွင်းအားစု မြေသြစာဈေးတွေ မြင့်နေတာတောင် တစ်ဧက တင်း ၁၂၀ ကျော် ၁၅၀ လောက်ထွက်တော့ အနည်းဆုံး တစ်ဧက ၄-၅ သိန်း အကျိုးအမြတ်ကျန်လို့ တွက်ခြေကိုက်တဲ့စပါးမျိုးပါ။စိုက်ပျိုးစရိတ်တွေ မြင့်မားချိန်မှာ တောင်သူတွေ အနေနဲ့ အထွက်နှုန်းမြင့် မျိုးစပါးကို စိုက်ပျိုးမှအဆင်ပြေမှာပါ။GW-11 စပါးမျိုးက မျိုးစေ့ချန် စိုက်ပျိုးလို့ရပေမယ့် တောင်သူတွေ မျိုးကွဲပယ်လုပ်ငန်းကို သေချာလုပ်နိုင်မှ မျိုးစပါးအရည်အသွေးမကျဆင်းမှာပါ။ အကောင်းဆုံးကတော့ မျိုးချိန်စိုက်ပျိုးတာထက် ကုမ္ပဏီက သန့်စင်ပြီးမျိုးကိုသုံးတာက ကုန်ကျစရိတ်ပိုသက်သာပြီး အထွက်နှုန်းလျော့ကျမရှိနိုင်တော့ဘူး။ ” ဟု ၎င်းကပြောသည်။

ထိုပြင် ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှ လာရောက်လေ့လာသည့် တောင်သူများကို ပုသိမ်ကြီးမြို့နယ် အတွင်း GW11 စပါးမျိုးများထုတ်လုပ်နေမှုများနှင့် အဲဗား ဂရင်းမြက်နှင့် ပြည်လုံးချမ်းသာ ရောနှောသစ် တော့စိုက်ခင်း စိုက်ပျိုးထား ရှိမှုကိုလည်းရှင်း လင်းပြသခဲ့ပြီး စစ်ကိုင်းမြို့ စက်မှုဇုံရှိ အထပ်သားထုတ်လုပ်နေမှု ၊သြဂဲနစ်ကွန်ပေါင်းဓါတ်မြေသြစာ ထုတ်လုပ်နေမှုများကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.